အသံတိတ်သပိတ် ပြုလုပ်မည့်ရက်ပိုင်းအလိုတွင် ရန်ကုန်မြို့ရှိ Wifi လိုင်းများ မကောင်းတော့ကြောင်း MPA ၏ မြေပြင်ထောက်လှမ်းမှုအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ရက်နေ့ မနက်၈နာရီမှ စတင်၍ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ သာကေတ၊ လှိုင်၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ကျောက်တံတားနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ ရပ်ကွက်အချို့တွင် Wifi လိုင်းများသုံးမရသည်အထိ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
“ အစ်မက သင်္ဃန်းကျွန်းမှာနေတာ။ နှစ်ရက်ရှိပြီ Wifi မရတာ။ စက်ကိုက နီနေတာပေါ့။ Wireless တွေကြီးပဲလားဆိုတော့လည်း မဟုတ်ဘူး။ ဖိုင်ဘာသုံးတဲ့သူတွေပါ မရတာ။ အစ်မ အမေနေတဲ့ တောင်ဥက္ကလာပမှာလည်း အဲ့လိုပဲ။အစ်မတို့ Myanmar Net သုံးတာ” ဟု သင်္ဃန်းကျွန်းမြို့နယ်နေသူ တစ်ဦးက ပြောသည်။
အထက်ပါ Wifi လိုင်းများ ပြတ်တောက်နေမှု၊ လိုင်းဆွဲအား ကျဆင်းနေမှုများနှင့် ပတ်သက်၍ Myanmar Broadband Telecom ( MBT)၏ အလုံကိုယ်စားလှယ် Teamleader နှင့် ကျောက်တံတားမြို့နယ်ရှိ Myanmar Net ရုံးသို့ဆက်သွယ်မေးမြန်းရာ MPA သို့ တိကျသေချာသော အဖြေတစ်စုံတစ်ရာ မပေးခဲ့ပေ။
“ လိုင်းတွေက ဒီရက်ပိုင်း Server မှာကိုက ကျနေလို့ပါ။ ဘာလို့လဲတော့ မသိပါဘူး။ ပြန်ကောင်းသွားမှာပါ” ဟု ကျောက်တံတားမြို့နယ်ရှိ Myanmar Net ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ များစွာသော ပြည်သူတို့မှာမူ စစ်ကောင်စီက အသံတိတ်သပိတ်ကို ကြောက်ပြီး အင်တာနက်လိုင်းမကောင်းအောင် တမင်ပြုလုပ်ထားကြောင်း ယုံကြည်ကြသည်။
အထက်ပါ Wifi ပြတ်တောက်မှုများကြောင့် အွန်လိုင်းအသုံးပြုကာ အလုပ်လုပ်နေရသည့် လုပ်ငန်းတချို့ ဒုက္ခရာက်ရကြောင်း ဒဂုံမြို့နယ်အတွင်းရှိ ကွန်ပျူတာ ဆော့ဝဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။
“ Wifiက နှစ်ရက်ရှိပြီ။ လုံးဝမရတာတော့မဟုတ်ဘူး။ မနက်က ၂၇mbပဲ ရှိတဲ့ ဖိုင်တစ်ခုတောင် ဒေါင်းမရဘူး။VPNတွေဆိုလည်း ပြန်ပြန်ကျနေတယ်။ စစ်တပ်က အဲ့လောက်ထိကြောက်နေရင်လည်း မိန်းမလို မိန်းမရနဲ့ လိုင်းတွေဖြတ်နေမယ့်အစား အာဏာပြန်အပ်လိုက်တာ မဟုတ်ဘူး။ အခုက တော်လှန်ရေးအစကလို ပြန်ဖြစ်နေတယ်” ဟု ဒဂုံမြို့နယ်အတွင်းရှိ ကွန်ပျူတာ ဆော့ဝဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ အဓိကမြို့နယ် ၆ခုသာမက အခြားမြို့နယ်များ၌ပါ Wireless Networkများ ပြတ်တောက်မှု၊လိုင်းဆွဲအားကျဆင်းမှုများ ရက်ဆက်ဖြစ်ပေါ်နေပြီး ဖိုင်ဘာအင်တာနက်လိုင်းအသုံးပြုသူအချို့မှာမူ လိုင်းဆွဲအားကောင်းနေကြောင်း MPAက စုံစမ်းသိရသည်။
တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို ဖေဖေါ်ဝါရီ၁ရက်နေ့၊နံနက်၁၀နာရီမှ ညနေ ၃နာရီအထိ နိုင်ငံတစ်ဝန်းဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက လှုံ့ဆော်ထားသည်။