မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကန်တော်ရွာကို ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် စစ်တပ်က ဝင်ရောက် မီးရှို့ခဲ့ကြောင်း သိရသည်။.
စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကန်တော်ရွာကို မီးရှို့ခဲ့ရာ အိမ် ၆၀ ကျော် မီးလောင်သွားကြောင်း သိရသော်လည်း အတိအကျ အတည်မပြုနိုင်သေးကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“ သူတို့က ရွာထဲမှာ PDF တွေရှိတယ်၊ PDF နဲ့ ပြည်သူ ပူးပေါင်းတဲ့ရွာလို့ စွပ်စွဲပြီး မီးရှို့တာပါ၊ ရွာသားတွေတော့ထွက်ပြေးနေရတယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ညနေက ကန်တော်ရွာကို မီးရှို့ဖျက်ဆီးခြင်းအပြင် ကန်တော်ရွာ မြောက်ဘက် ၂ မိုင်ခန့် အကွာရှိ ကန်ရပ်ကြီးရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသတွင်းရှိ ပခုက္ကူမီဒီယာက ဖော်ပြသည်။
ယနေ့ နံနက်ပိုင်း အချိန်ထိ ဒေသခံများ ရွာမပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း သိရသည်။