စစ်ကောင်စီတပ်က မီးရှို့ဖမ်းဆီး ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့်ကြား ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှု အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးလိုက်သည်။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူတို့၏ နေအိမ်ကို မီးရှို့ဖျက်ဆီးမှုကို ပိုမို ပြုလုပ်လာနေသလို နိုင်ငံရေးခေါင်းဆောင်၊ အရပ်ဘက်အဖွဲ့နှင့် သတင်းသမားများကို ဖမ်းဆီး ခြိမ်းခြောက်မှုများကြား စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စိုးရိမ်ကြောင်း သူ၏ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စစ်တပ်က အာဏာသိမ်းခြင်း ၂ နှစ် ပြည့်အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဇန်နဝါရီ ၃၀ ရက်နေ့ ထုတ်ပြန်သည့် ကြေညာချက်ထဲတွင်လည်း မြန်မာပြည်သူတို့နှင့်အတူ ရပ်တည်ကြောင်းလည်း ဖော်ပြထားသည်။
မြန်မာ့အရေးဟာ ဒေသတွင်းကိုပါ ရိုက်ခတ်လာနေသလို မြန်မာနိုင်ငံတွင်း အကျပ်အတည်းများသည် ပိုမိုဆိုးရွားလာနေကြောင်း ကုလအတွင်းရေးမှူးချုပ်က ဆိုသည်။
အကြမ်းဖက်မှု မှန်သမျှကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဒီဇင်ဘာ ၂၁ ရက်နေ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းလည်း ကုလအတွင်းရေးမှူးချုပ် က ပြောသည်။
“မင်းအောင်လှိုင်က ရွေးကောက်ပွဲ အရှိန်တက်နေတဲ့အချိန်မှာ လှမ်းဟန့်လိုက်တာပေါ့။ ကုလလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ဆိုတာ အာဆီယံမူ ၅ ရပ်ကို အခြေခံထားတာပါ။ အာဆီယံမူ ၅ ရပ်ဆိုတာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ မြန်မာ့အရေးသက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးပါ။ အခု မင်းအောင်လှိုင် ထင်ရာစိုင်းနေတဲ့ ရွေးကောက်ပွဲဆိုတာ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်ပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူ တစ်ဦးကပြောသည်။
သို့သော်၊ စစ်ကောင်စီသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သဘောထားကို လျစ်လျူရှုကာ ၎င်းတို့လုပ်ချင်တာကိုသာ လုပ်မှာသေချာကြောင်း သူကဆက်ပြောသည်။