စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ချောင်းကြားရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့စဉ် ထွက်မပြေးနိုင်၍ ရွာထဲကျန်နေသည့် အဘွားအိုထံက နားကပ်တစ်ရံ ချွတ်ယူသွားကြောင်း သိရသည်။
ဇန်နဝါရီ ၂၉ ရက်နေ့၊ နံနက်ပိုင်းက အိမ် ၁၂၀ဝ န်းကျင်ရှိသည့် ချောင်းကြားရွာကို စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၂၃ လုံး နှင့် စပါးကျီ ၁၃ လုံး ပြာကျသွားခဲ့ကြောင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ဖော်ပြသည်။
“အဘွားက ကျန်းမာရေး မကောင်းလို့ စစ်တပ်ဝင်လို့ ရွာသားတွေ ထွက်ပြေးတော့ မပြေးနိုင်လို့ ကျန်ခဲ့တာ။ အဲဒါ အဘွားကို မြင်တော့ စစ်ခွေးတစ်ကောင်က အဘွားကြီး နားကပ်ချွတ်စမ်းဆိုပြီး ချွတ်ခိုင်းတာ အဘွားက ကြောက်ပြီး လက်တုန်နေလို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောသွားသေးတယ်။ ဘာပဲဖြစ်ဖြစ် မသတ်သွားတာ ကံကောင်းတယ်”ဟု ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာခံ စစ်ရှောင်တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၉ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ အင်တိုင်းလေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့စဉ် ထွက်မပြေးနိုင်သည့် အဘိုး ဦးဝန်မြ (၈၅နှစ်)မှာ မီးထဲပါသွားခဲ့သည်။
စစ်တပ်သည် ချောင်းကြားရွာသို့ နံနက်စောစောပိုင်းတွင် အလစ်အငိုက် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မီးမရှို့မီ ရွာထဲရှိ အိမ်ကောင်းများကိုဖောက်ကာ ဝင်ရောက် လုယက်ခဲ့သေးသည်။
ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီ၏ ခမရ ၃၆၈ နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်အစပ် ရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေသည်မှာ ၂၅ ရက်ကြာမြင့်နေပြီဖြစ်ကြောင်း Infinity Group က ဆိုသည်။
ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ တောင်ယာဆိပ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ခဲ့ကြောင်းသိရသည်။