By MPA 001
အဖွဲ့အတွင်းတွင် ရန်သူ့သတင်းပေးသူလျှိုများ မရှိတော့ဘဲ မစ်ရှင်များ ဆက်လက်ဆောင်ရွက်နေပြီဟု Yangon UG Association (YUA) ၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းမှ အတည်ပြုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလအတွင်းမှ စတင်ပြီး ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ပေါင်းစည်းထားသည့် YUA တပ်ဖွဲ့အတွင်းသို့ စစ်ကောင်စီ သတင်းပေး သူလျှိုများ ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။
ထို့သို့ ဝင်ရောက်လာသည်ကို သိရှိခဲ့သော်လည်း စစ်တပ်၏ သတင်းများကို ပြန်လည်လို ချင်သည့်အတွက် မသိချင်ယောင်ဆောင်ကာ သတိထားစောင့်ကြည့်ခဲ့သည်ဟု YUA ၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ရှင်းပြသည်။
“ မစ်ရှင်တွေကိုတော့ ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်နေပါပြီ။ နဂိုကတည်းကလည်း တိကျတဲ့ဖွဲ့ စည်းပုံနဲ့ တိကျတဲ့ လုပ်ဆောင်မှုတွေရှိတယ်။ သေချာစနစ်တကျကို စီစဉ်ထားတာဖြစ်တဲ့အတွက် ဒီအတွက်ကြောင့်နဲ့တော့ ပျက်စီးသွားစရာ၊ ယိုင်နဲ့သွားစရာမရှိပါဘူး။ သေချာတာကတော့ ကျွန်တော်တို့အဖွဲ့အတွင်းမှာ ဘယ်လိုပြောရမလဲ ရန်သူ့သတင်းပေး၊ ရန်သူ့အသွင်ယူတွေ လုံးဝမရှိတော့ပါဘူးလို့ ပြောချင်ပါတယ်။ တချို့အရာတွေကျ လုံခြုံရေးအရ အားလုံးပြောပြလို့ မရလို့ပါ။ တစွန်းတစ ပြောမိတာတွေက ကျွန်တော်တို့အတွက် ကောင်းခြင်းအတွက် ဆိုးခြင်းများလို့ပါ” ဟု ဆရာကျောင်းက အတည်ပြုရှင်းပြသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ရန်အတွက် မြေအောက်တော်လှန်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ပါဝင်သည့် Yangon UG Association (YUA) ကို အင်အား ၃၀၀ ခန့်ဖြင့် ပြီးခဲ့သည့် မေလ ၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဇန်နဝါရီလအတွင်းမှာပင် ရန်ကုန်မြို့အတွင်း မစ်ရှင်လေးခု ပြုခဲ့ပြီးဖြစ်ကြောင်း YUA၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ရှင်းပြသည်။
“ အခုအချိန်အထိတော့ YUA က ၁၄ ဖွဲ့ပဲ ပေါင်းစည်းထားတာပါ။ အဖွဲ့နဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းထားတဲ့ ရန်ကုန်က UG အဖွဲ့တွေရှိပေမယ့် သေချာစိစစ်နေရတာမို့ မပူးပေါင်းရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်က သူတို့လိုအပ်တဲ့ အကူအညီတချို့ကို အခုထိ ကူညီပေးနေပါတယ်” ဟု YUA ၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၁၆၁) အနီးတွင် ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်၊ တပ်ကြပ်ကြီး မြင့်အောင်တို့နှင့်အတူ YUA တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သူ စစ်ကောင်စီသတင်းပေး ၂ ဦး လိုက်ပါလာကြောင်း သတင်းရရှိ၍ Bago Region PDF ထံ သတင်းပေးပို့ခဲ့ကာ PDF များက ဖမ်းဆီးစဥ် ပြန်လည် ခုခံပစ်ခတ်သဖြင့် ဝိုင်းဝန်းပစ်ခတ်ဖမ်းဆီးခဲ့ရာ ၄ ဦး စလုံး သေဆုံးခဲ့သည်။