စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့်စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ပြည်သူအင်အားရာချီဖြင့် လေးနာရီကြာ သပိတ်ဆင်နွှဲခဲ့ကြောင်းသိရသည်။
မြောင်မြို့နယ်အတွင်း လူထုသပိတ်ကို ယနေ့ မနက်ပိုင်းက မြောင်မြို့နယ်ရှိ ရွာသုံးရွာတွင် ပြည်သူ့အင်အား ၉၀၀ကျော်ဖြင့်ပြုလုပ်ခဲ့ကြောင်း လူထုအကျိုးပြုမြောင်လူငယ်ကွန်ရက်(YFC)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ သပိတ်စစ်ကြောင်းမှာ ရွာသုံးရွာ လှည့်လည်သပိတ်မှောက်ခဲ့ပါတယ်။လူထုပါ၀င်မှုအင်အား ၉၀၀ ၀န်းကျင်ခန့်ရှိပါတယ်” ဟု၎င်းကပြောသည်။
သပိတ်စစ်ကြောင်း ကို လူထုအကျိုးပြုမြောင်လူငယ်ကွန်ရက်(YFC) နှင့် မုံရွာပင်မ သပိတ် တို့ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး “ အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့ မြောင်နယ်သားတို့ စုရုံးစို့” ၊ “ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ၊ “ တစ်သံတည်းညီ၊ တစ်ချီတည်းရုန်း” စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ သပိတ်မှောက်ခဲ့ကြသည်။
မုံရွာသပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုး၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ကိုလွင်မိုးသန့်၊ အထွေထွေအတွင်းရေးမှူး နန်းဟေဟွာ၊ ရွှေဘိုနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂမှ ကိုထက်အောင်နှင့် YFC မြောင်လူငယ်ကွန်ရက်မှ အမရာမှူးတို့ကယနေ့သပိတ်တိုက်ပွဲအတွင်း နိုင်ငံရေးနှင့် တော်လှန်ရေးဆိုင်ရာ တို့ကို ဟောပြောသည်။