စစ်ကိုင်းတိုင်း မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ဗဟိုလမ်းရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို အမည်မသိလူလေးဦးက ဓားပြတိုက်ခဲ့ပြီး ငွေ မပေးသဖြင့် ဓားဖြင့်ခုတ်ခဲ့ရာ ဆိုင်ရှင်အမျိုးသားသေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၀ရက်၊ည ၇နာရီ မိနစ်၂၀ခန့်က ဆိုင်ကယ်၄စီးဖြင့် လူလေးဦးက ဓားရှည်များကိုင်ဆောင်ကာ ဆိုင်ပိတ်နေသည့် ချမ်းမြေ့သုခကုန်စုံဆိုင်အား ဓားပြတိုက်ခဲ့ကြောင်း ငွေတောင်းသည်ကို ငြင်းဆန်သဖြင့် ဓားဖြင့်ခုတ်ရာ ဆိုင်ရှင်အမျိုးသားကိုစိုးရာဇာသေဆုံးပြီး အမျိုးသမီးမှာဆေးရုံတင်ထားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ဈေးဝယ်သူမရှိချိန်ဝင်လာတာပါ။ကောင်လေးကတော့ ၇နာရီ၃၀မိနစ်လောက်မှာဆုံးသွားတယ်။သူ့အမျိုးသမီးကတော့ဆေးရုံမှာ။ကောင်မလေးက ဘဏ်မှာလုပ်တာ။ကလေးငယ်လေးတစ်ယောက်ရှိတယ်” ဟု ၎င်းကပြောသည်။
အထက်ပါဓားပြတိုက်မှုဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်သားများ နှင့် ရဲများရောက်ရှိလာပြီး သေနတ်ပစ်ဖောက်မှုများပြုခဲ့ကြောင်း မုံရွာမြို့၊အောင်မင်္ဂလာရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောသည်။
“ ည၁၀နာရီ ခွဲက တစ်ခါ၊၁၁နာရီကျော်လောက်က တစ်ခါ ကြားရတယ်။သေနတ်သံပေါ့ ။သိပ်တော့မများဘူး။တရားခံမိတာလား မမိတာလားဆိုတာတော့ သေချာမသိဘူး။မနေ့ညက ဓားပြတိုက်လူသတ်မှုပဲဖြစ်တာကျန်တာဘာမှမဖြစ်ဘူး။သေနတ်သံကြားတာကလည်း ဗဟိုလမ်းဘက်ကကြားရတာ” ဟု ၎င်းကသည်။
ဓားပြများဓားဖြင့် ခုတ်ခြင်းကို ခံရသည့် ဆိုင်ရှင်အမျိုးသမီး၏ ဘယ်ဘက်ပါးနှင့် လက်ချောင်းအချို့ ပြတ်ရှဒဏ်ရာရခဲ့ပြီး မုံရွာမြို့ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိသည်။
ဓားပြတိုက်ခံရသည့် ပစ္စည်းတန်ဖိုးကိုမူ MPAအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။