တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲခံရသည့် ကောလင်းမြို့နယ်၊ ကျောက်ပြင်သာရွာက ရွာသားများစွာ ထွက်ပြေးနေဆဲဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်က ဇန်နဝါရီ၁၉ရက်၊မွန်းလွှဲ ၃နာရီဝန်းကျင်တွင် လေယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ရွာသားများ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ယနေ့ညအထိ ရွာထဲပြန်မဝင်ရဲသေးသည့် ရွာသားများစွာရှိကြောင်း ကျေးရွာဒေသခံတစ်ဦးကဆိုသည်။
“ လုံးဝကြီးပြန်မဝင်သေးတဲ့ ရွာသူရွာသားတွေရှိနေသလိုပြန်ဝင်နေကြတဲ့ပြည်သူတွေလည်းရှိပါတယ်၊ထွက်ပြေးနေရတာထပ် ရွာထဲကိုပြန်မဝင်ရဲကြတာပါ” လို့ ကျောက်ပြင်သာရွာအနီးဒေသခံတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်က ကျောက်ပြင်သာရွာကို လေယာဥ်ဖြင့် ဗုံး ၂လုံးကြဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရွာဦးဘုန်းကြီးကျောင်းအတွင်းကဓမ္မာရုံပျက်စီးခဲ့သည်။
ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာများ၌ ဗုံးခိုကျင်းတူးထားရန် လွန်ခဲ့သည့် သုံးလကတည်းကကြိုတင်ညွှန်ကြားထားကြောင်း သိရသည်။ ကျောက်ပြင်သာ ကျေးရွာမှာ အိမ်ထောင်စု ၇၀၀ ဝန်းကျင်ရှိသည့် ရွာကြီးဖြစ်သည်။