မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ဇန်နဝါရီလ ၁၈ ရက်၊ ညနေပိုင်းက ရိုဟင်ဂျာလက်နက် ကိုင်နှစ်ဖွဲ့အကြား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး နှစ်ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရိုဟင်ဂျာများက ဆိုကြသည်။
အဆိုပါ အပြန်အလှန်ပစ်ခတ်မှုမှာ RSO နှင့် ARSA တို့ဖြစ်ကြပြီး RSO အဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခြင်းဖြစ်ကာ နှစ်ဘက်ပေါင်း ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြကြောင်း ဆိုကြသည်။
” RSO တွေဆိုင်မှာ ထိုင်နေတာကို အာဆာက လာပစ်ရင်း အပြန်အလှန်ဖြစ်ကြတာပါ။ နောက်တော့ ဟိုဘက်ဒီဘက်က ရောက်လာပြီး အပြန်အလှန်ပစ်ကြရင်း နေအိမ်တွေကို မီးရှို့လိုက်ကြတာပါ” ဟု ထို မီးရှို့ခံလိုက်ရသည့် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။
ထိုနေရာမှာ နှစ်နိုင်ငံနယ်စပ် လူမနေရသည့် နေရာတွင် ၂၀၁၇ ခုနှစ်က ထွက်ပြေးသွားကြသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းဖြစ်ပြီး လူဦးရေအများအပြားရှိသဖြင့် နေအိမ်မီးတိုက်ခံလိုက်ရသူ အများစုမှာ အခက်အခဲဖြစ်နေကြသည်ဟုလည်း သိရှိရသည်။
ရခိုင်တွင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မှ ရိုဟင်ဂျာလူမျိုး ၇ သိန်းခန့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြရသည်။
ထို ရိုဟင်ဂျာများမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘဲ ထိုဒုက္ခသည် စခန်းများတွင် အခက်အခဲပြဿနာပေါင်းစုံဖြင့် နေထိုင်နေကြရချိန်တွင် ယခုကဲ့သို့ ထပ်မံထွက်ပြေးရကာ ဒုက္ခရောက်ကြရသည်ဟုလည်း ဆိုကြသည်။
” ဒုက္ခရောက်နေတဲ့ကြားထဲမှာ ထပ်ပြီးပြေးရ ဒုက္ခရောက်ရပါတယ်။ ဒီမှာက ဘယ်သူကို ကြောက်ရမလဲ။ ဘယ်သူ့ကို အကူအညီတောင်းရမလဲ မသိတော့ပါဘူး” ဟု ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက MPA သို့ ပြောသည်။
ထို ပစ်ခတ်မီးရှို့ခံရသည့်နေရာသို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ လာရောက်ပြီး ယင်းနေရာရှိ အာဆာအဖွဲ့အချို့ကို ဖမ်းဆီးသွားသည့်အပြင် ထိုနေရာတစ်ခုလုံးကိုလည်း လုံခြုံရေးတင်းကျပ်ထားကြောင်းလည်း ဆိုကြသည်။
ယင်းနေရာမှ ရိုဟင်ဂျာအချို့မှာ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာနေပြီး နေရာ၊ စားစရာများမရှိဘဲ တောထဲတွင်ဖြစ်သလို နေနေကြရသည်ဟုလည်း ဆိုကြသည်။