တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်တပ်ရန်ဘေး တိမ်းရှောင်နေကြရသူများထဲတွင် မွေးကင်းစကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၆ရက်နေ့က ပုလောမြို့နယ်ရှိ ရှပ်ပုံရွာအတွင်း နေ့လည် ၁၂နာရီမှ ၃နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့သဖြင့် တိုက်ပွဲအနီးအနားရှိ ရှပ်ပုံရွာ၊ပြင်းငယ်၊စံပြနှင့် ကုန်းဖျားရွာတို့က ဒေသခံ ၃၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေကြရာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။
“ အခုကျွန်တော်တို့ခြေဦးတည့်ရာပြေးကြတာပေါ့။ အခုထိမပြန်ရဲသေးဘူး။ မွေးကင်းစကလေးငယ်ပါပါတယ်။အဘိုးအဘွားတွေရောပဲ။မနေ့ညကဆို ရာသီဥတုအေးရတဲ့အထဲ မြေကြီးပေါ်အိပ်နေရတာ။စစ်ကိုမုန်းတယ်ဗျာ” ဟု၎င်းက ပြောသည်။
မွေးကင်းစကလေးငယ်မှာ ရှပ်ပုံရွာသားလေးဖြစ်ပြီး ၁၀နှစ်အောက်ကလေးငယ်များနှင့် အသက်၆၀ကျော်အဘိုးအဘွားများလည်း စစ်ရှောင်နေကြရကြောင်း သိရသည်။
ရှပ်ပုံတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာငယ် ၅ရွာရှိပြီး စစ်ရှောင်ပြည်သူ သုံးရာကျော်ရှိကာ တိုက်ပွဲရှောင်ပုန်းအောင်းနေသည့်နေရာ သုံးခုရှိကြောင်း MPAက စုံစမ်းသိရသည်။
“ ၁၆ရက်နေ့ကတိုက်ပွဲထဲမှာ စစ်ခွေးတွေကြောင့် ပြည်သူ နှစ်ဦးသေတယ်။တစ်ယောက်က တိုက်ပွဲကြားညပ်ပြီးသေတာ။မနေ့ကလက်နက်ကြီးထိပြီးတစ်ယောက်သေတယ်။ဘယ်သူတွေလဲဘယ်ရွာကလဲဆိုတာ တိတိကျကျမသိသေးဘူး” ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)ခေါင်းဆောင်တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁၆ရက်နေ့ကဖြစ်ပွားခဲ့သည့် ပုလောမြို့နယ်၊ရှပ်ပုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးကာ သေနတ်နှစ်လက်၊လက်ပစ်ဗုံး ၂လုံး၊ကျည်ဆန် တစ်ရာကျော်၊ဗုံးဆန် ၆ခုနှင့် ကျည်ဘောက်၆ခုတို့ ရရှိခဲ့ကြောင်း ၎င်းကပြောသည်။