အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၁၀၆ တပ်ပိုင် မြေကို သိမ်းကာ ဆောက်လုပ်မည့် ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများအား ဇန်နဝါရီလ ၂၁ ရက် တွင် စတင်ရောင်းချတော့မည်ဖြစ်ကြောင်းသိရသည်။
ရဲရင့်နွေဦး စီမံကိန်းတွင် Studio၊ 1-Bedroom၊ 2-Bedroom နှင့် 3-Bedroomအခန်း အမျိုးအစား ၄ မျိုး ပါရှိမည့် ကွန်ဒိုမီနီယမ်တိုက်ခန်းပေါင်း ၈၅၀ခန်းနှင့် ကွန်ဒိုတစ်ခုတွင် ပါရှိသည့် အချက်များပြည့်စုံစွာပါရှိမည်ဖြစ်ပြီး NUG၏ EODကိုယ်စားလှယ်များထံတွင် စာရင်းပေးဝယ်ယူနိုင်ကြောင်းNUG တော်လှန်ရေးရန်ပုံငွေရရှိအောင် တာဝန်ယူရောင်းချပေးနေသည့် The End of Dictatorship ( EOD) ကယနေ့ ထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၅ရက်နေ့က ပြုလုပ်ခဲ့သည့် NUG သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်မြို့ရှိ တပ်ပိုင်မြေများပေါ်တွင် တန်ဖိုးသင့် တိုက်ခန်းများနှင့် အဆင့်မြင့်ကွန်ဒိုများကို ပြည်သူများအား လစဉ်သွင်းစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ထွန်းနိုင်ကပြောကြားခဲ့သည်။
“ Spring Investment အစီအမံပေါ့။စီမံကိန်းတစ်ခုလတ်တလောလျာထားတာကတော့ ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်က မောင်ပိုင်စီးထားတဲ့ အချက်အချာကျတဲ့နေရာတွေမှာ ပြည်သူလူထုအားလုံးလိုက်ပါပြီးတော့ တော်လှန်ရေးကိုပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ တန်ဖိုးသင့် တိုက်ခန်းတွေ မကြာခင်မှာ စီစဉ်ပြီးရောင်းချသွားမှာဖြစ်သလို အဆင့်မှီကွန်ဒိုတိုက်ခန်းတွေကို မကြာခင်မှာ ရန်ကုန်ရဲ့တပ်ပိုင်မြေမှာ ပြည်သူလူထုကိုအသိပေးပြီးတော့ စတင်ရောင်းချသွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးတင့်ထွန်းနိုင်က ပြောသည်။
ရဲရင့်နွေဦး ကွန်ဒို တွင် ကွန်ဒိုမီနီယမ်တိုက်ခန်းပေါင်း ၈၅၀ကို ပြည်သူများအား တော်လှန်ရေးရန်ပုံငွေ ဖြည့်ဆည်းမှုနှင့် ပြည်သူလူထု၏ ထောက်ခံပါဝင်မှုတို့အတွက် ရည်ရွယ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၅ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင့်ထွန်းနိုင်က အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအောင်မြင်မှုရရှိမှသာ ဝယ်ယူသူများအနေဖြင့် အကျိုးခံစားခွင့်ရရှိနိုင်မည်ဟူသော အာမခံချက်ကိုသာ ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။