ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားအချို့ကို သာယာဝတီထောင်သို့ပြောင်းရွှေ့နေကြောင်း သိရသည်။
ယင်းသို့ ထောင်ပြောင်းရွှေ့မှုကို ဇန်နဝါရီလ ၁၄ရက်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကပြောသည်။
ယခုလို နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည့်လုပ်ရပ်သည် နိုင်ငံရေးအကျဉ်းသားများကိုသာမက ၎င်းတို့၏ မိသားစုဝင်များ အခက်အခဲဖြစ်အောင်ပါ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ အဲ့တာက ငြင်းမရတဲ့ကိစ္စပါ။နိုင်ကျဉ်းအမျိုးသား/အမျိုးသမီးနဲ့ ထောင်သားအချို့ကို သာယာဝတီထောင်ရွှေ့လိုက်တယ်။နိုင်ကျဉ်းအမျိုးသား/အမျိုးသမီးတွေရောပါတယ်။အရင်ကတည်းက လုပ်နေကြပါ။သူတို့က မတရားပြန်ပေးဆွဲဖမ်းထားတဲ့ နိုင်ကျဉ်းတွေကို ခြင်းထဲက ကြက်ကလေးတစ်ကောင်လို ရွှေ့လိုက်ပြောင်းလိုက်လုပ်နေကြတာ” ဟု ဦးထွန်းကြည်ကပြောသည်။
ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၆နာရီခန့်က အင်းစိန်အကျဉ်းထောင်အတွင်းမှ ကား၈စီးဖြင့် ပဲခူးတိုင်း၊သာယာဝတီအကျဉ်းထောင်သို့ အကျဉ်းသားများလွှဲပြောင်းခဲ့ကြောင်း အင်းစိန်အကျဉ်းထောင်ရှိ သတင်းရင်းမြစ်ကဆိုသည်။
“ အမျိုးသားတွေချည်းပဲက ကား ခုနစ်စီး၊အမျိုးသမီးတွေက ကားတစ်စီးနဲ့ သာယာဝတီထောင်ကိုပို့တာရှိတယ်။ကား ၈စီးနဲ့ လွှဲပြောင်းတာပေါ့။နိုင်ကျဉ်းတွေအများဆုံးပါတာပေါ့” ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်းအတွင်း အင်းစိန်ထောင်၊သာယာဝတီထောင်၊မန္တလေး အိုးဘိုထောင်၊ပုသိမ်ထောင်၊မုံရွာထောင်၊ဘားအံထောင်နှင့် မြင်းခြံထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှုများကိုစစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း ဦးထွန်းကြည်က ဆက်လက်ပြောသည်။