စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ထုတ်ကုန် ၂၄မျိုးကို သုံးစွဲခြင်းမပြုရန် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က မြေပြင်ကွင်းဆင်းပြီး ပြည်သူများအားအသိပညာပေးနေကြောင်းသိရသည်။
ဇန်နဝါရီလ ၁၀ရက်နေ့မှ စတင်၍ ထားဝယ်မြို့ရှိ ကျေးရွာများသို့ ကွင်းဆင်းကာ အသိပညာပေးနေခြင်းဖြစ်ကြောင်း DDMSC၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ စစ်တပ်ထုတ်ကုန်တွေကတော့အများကြီးပဲပေါ့။ကျွန်တော်တို့မြိုနယ်မှာအသုံးများတဲ့ဟာတွေကို ပိတ်ပင်တာဖြစ်တယ်။ဒီကမ်ပိန်းကို အရင်ကတည်းက မြေပြင်လှုပ်ရှားမှုရော အွန်လိုင်းကရော လုပ်နေတာပါ။အခုချိန်မှာ တချို့ပြည်သူတွေက အရေးမပါဘူး။မထိရောက်ဖူးထင်နေလို့ မြေပြင်အထိကွင်းဆင်းပြီး လှုပ်ရှားတာပါ” ဟု ၎င်းကပြောသည်။
ဇန်နဝါရီလ ၁၅ရက်နေ့က DDMSCရဲဘော်များသည် လောင်းလုံးမြို့နယ်အတွင်းရှိ မနက်ဈေးတစ်ခုသို့သွားရောက်ကာ ဟောပြောခဲ့သလို ယင်းမြို့နယ်ရှိ ရွာ၆ရွာသို့လည်း သွာရောက်ဟောပြောခဲ့ကြကြောင်းသိရသည်။
“ ပြည်သူတွေအနေနဲ့ ဘယ်လိုတုံ့ပြန်လဲဆိုတော့ ကျွန်တော်တို့ပြောတာကို ဂရုတစိုက်နဲ့ အချိန်ပေးပြီးနားထောင်တယ်။ပူးပေါင်းပါဝင်မှု အားကောင်းတယ်ပြောရမှာပေါ့။ကျွန်တော်တို့ဘက်မှာ ရှိပါတယ်။သူတို့အသံတွေလည်းကြားရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
DDMSCအနေဖြင့် “ သင်တို့၏ဝယ်ယူသုံးစွဲမှုက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာပါ” ဆိုသည့်စာသားပါ စစ်တပ်ထုတ်ကုန် ၂၄ခုအား မသုံးစွဲရန်တားမြစ်သည့် စာစဉ်များကို ပြည်သူများထံကွင်းဆင်းသွားရောက် ဖြန့်ဝေကာ ဆွေးနွေးဟောပြောခဲ့ကြောင်း စစ်တပ် စီးပွားရေးချိနဲ့ကာ အင်အားနည်းလာစေရန် တတ်နိုင်သည့်ဘက်က ဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်း ဆိုသည်။