ကိုဗစ်ဖြစ်ပွားနှုန်းမြင့်တက်နေသည့် တရုတ်နယ်စပ်ရှိ မူဆယ်-ရွှေလီ မိန့်ဝိန်း ကုန်တင်ယာဉ် နယ်စပ်ဂိတ်တွင် ကုန်ပစ္စည်းများတင်ပို့နေပြီဖြစ်သော်လည်း လူအဝင်အထွက်ကို ခွင့်မပြုသေးကြောင်း သိရသည်။
ဇန်နဝါရီ ၈ရက်နေ့ ၊မနက် ၉နာရီ ခွဲ မှ ည ၁နာရီအထိ မူဆယ်-ရွှေလီ မိန့်ဝိန်း ကုန်တင်ယာဉ် ဝင်/ထွက် နယ်စပ်ဂိတ်ကို တရုတ်ဘက်က စတင်ဖွင့်လှစ်ခဲ့သော်လည်း မြန်မာနိုင်ငံဘက်က ဂိတ်တံခါးများ ပိတ်ထားပြီး ယမန်နေ့နံနက်ပိုင်းမှသာ ပြန်လည်ဖွင့်ပေးကြောင်း မူဆယ်မြို့နေသူတစ်ဦးက ပြောသည်။
“ မနေ့က မနက်၈နာရီက မိန့်ဝိန်းဂိတ်ကို စဖွင့်ပေးတာ။ဒီနေ့တော့ ကုန်ပစ္စည်းတွေပဲပို့လို့ရသေးတယ်။မြန်မာဘက်ကပိတ်ထားတယ်ဆိုပေမယ့် မနေ့ကမှ ပြန်ဖွင့်တာ” ဟု ၎င်းကပြောသည်။
မူဆယ်မြို့ရှိ မူဆယ်-ရွှေလီ မိန့်ဝိန်း ကုန်တင်ယာဉ် ဝင်/ထွက် နယ်စပ်ဂိတ်ကို မြန်မာနိုင်ငံဘက်က ဖွင့်ပေးလိုက်ပြီးဖြစ်ကြောင်း နှင့် လူဝင်ထွက်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ်တို့ကို တရုတ်နိုင်ငံဘက်ခြမ်းက ဖွင့်ပေးထားသော်လည်း မြန်မာဘက်က ဖွင့်ပေးခြင်းမရှိကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက MPAသို့အတည်ပြုသည်။
“ လူဝင်လို့မရသေးဘူး။ကုန် ပစ္စည်းတွေပဲ ပို့လို့ရသေးတယ်။ ပို့တဲ့သူကလည်း အဝင်ရောအထွက်ရော ဆေးစစ်ချက်ပြရတယ်။သူတို့ဘက်ရောက်လို့ ကိုဗစ်ဖြစ်နေတယ်ဆို အဲ့ဘက်မှာ သူ့အစီအစဉ်နဲ့သူ လော့ဒေါင်း၇ရက်ကို အကုန်ခံပြီးနေရမယ်။ လူဝင်ဂိတ်တွေကို တရုတ်ကဖွင့်ပေးထားပေမယ့် ဒီဘက်က ပိတ်ထားတုန်းပဲ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် နှစ်ဇူလိုင်လ ၇ရက်နေ့ က တရုတ်နိုင်ငံဘက်မှနေ၍ မူဆယ်-ရွှေလီ မိန့်ဝိန်းကုန်တင်ယာဉ် ဝင်/ထွက် နယ်စပ်ဂိတ်ကို ကိုဗစ်ဖြစ်ပွားနေသည့် အကြောင်းပြချက်ဖြင့် အကြောင်းကြားခြင်းမရှိဘဲပိတ်ချခဲ့ရာ မြန်မာကုန်တင်ယာဉ် ၅ထောင်ကျော်ပိတ်မိခဲ့ပြီး ကုန်ပစ္စည်းဆုံးရှုံးမှု သိန်းထောင်ချီရှိခဲ့ကြောင်း MPAက စုံစမ်းသိရသည်။