လှိုင်မြို့နယ်၊ အုတ်ကျင်း-ဘူတာရုံလမ်းပေါ်ရှိ မိုးရေသန့်စက်ရုံမှ အမိုးနီးယားဂတ်စ်အိုးပေါက်ကွဲကာ ဓာတ်ငွေ့များပျံ့နှံ့နေသဖြင့် လူနာတင်ကားများရောက်ရှိနေကြောင်း မာလာမြိုင်လမ်းနေသူတစ်ဦးက ပြောသည်။
“ တပ်မတော် ချည်မျှင်ဝန်းကြီးရှေ့က မိုးရေသန့်စက်ရုံမှာ အမိုးနီးယားဂတ်စ်အိုးပေါက်ကွဲတာ။ ည ၉ နာရီလောက်က အဲ့ဒီနားကဖြတ်တော့ မျက်လုံးတွေစပ်နေတာပဲ။ အနံ့က တော်တော်ပြင်းတယ်။ အခုလူနာတင်ကားတွေအများကြီးရောက်နေတယ်” ဟု မာလာမြိုင်လမ်းနေသူတစ်ဦးက ရှင်းပြသည်။
အထက်ပါ မိုးရေသန့်စက်ရုံအတွင်း အမိုးနီးယားဂတ်စ်အိုးပေါက်ကွဲမှုသည် မည်သည့်အချိန်ကဖြစ်ပွားခဲ့ခြင်းကို ဒေသခံများအနေဖြင့် သေချာမသိရှိကြောင်းနှင့် ယနေ့ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်မှစတင် သတိထားမိကြကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသူတစ်ဦးက MPAသို့အတည်ပြုသည်။
“ ဘယ်အချိန်လောက်ပေါက်တာလဲ ဆိုတာတော့ သေချာမသိရဘူး။ ၈ နာရီ ၁၅ လောက်မှ သတိထားမိတာ။ ၉ နာရီလောက်ကျတော့ အနံ့ကတော်တော်ပြင်းလာတာ။ မျက်လုံးတွေစပ်ပြီး မူးချက်ပဲ” ဟု အခင်းဖြစ်နေရာသို့ရောက်ရှိနေသူတစ်ဦးက MPA သို့ အသေးစိတ်ရှင်းပြသည်။
လက်ရှိတွင် မာလာမြိုင် ၂ လမ်းထဲသို့ စစ်ကောင်စီတပ်သားနှစ်ဦးဝင်ရောက်ကာ “ သက်ကြီးရွယ်အို၊ ကလေးသူငယ်အသက်ရှုကျပ်လို့ အရေးပေါ်ရှိတဲ့သူများရှိလား” ဟုမေးမြန်းနေပြီး မာလာမြိုင် (၂) လမ်းထဲတွင် လူနာတင်ယာဉ် ၂ စီးနှင့် အရှေ့ပေ (၅၀) လမ်းတွင် လူနာတင်ယာဉ်နှစ်စီးတို့ မောင်းနှင်လျက်ရှိကြောင်း MPA မှ ကနဦး စုံစမ်းသိရသည်။ မြို့နေပြည်သူများ ကနဦးပြောကြားသည့် အမိုးနီးယားဂတ်စ်အိုး ပေါက်ကွဲမှု ဟုတ်၊ မဟုတ်ကိုမူ MPA အနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။
ယနေ့ည ၉ နာရီ ၄၆ မိနစ်ခန့်က လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်အတွင်း Ambulance ကား အစီး ၂၀ ကျော်ရောက်ရှိနေပြီး ဗဟိုလမ်းမကြီးနှင့် အင်းစိန်လမ်းမကြီးပေါ်တွင် ကမာရွတ်မြို့နယ်ဘက်မှ အရေးပေါ်ကား ရှေ့ပြေးယာဥ်ဖြင့် လူနာတင်ကား၅ စီးခန့်လာနေပြီး ဓာတ်ငွေ့ရှုမိသည့် ပြည်သူများကို ဆေးရုံအမြန်ပို့ပေးရန် စီစဉ်နေကြကြောင်း ဒေသခံများမှ MPA သို့ သတင်းပေးပို့သည်။