စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်အာဏာသိမ်းချိန်မှ ယနေ့အထိ သေဆုံးသူ ၄၆၀ကျော်ရှိပြီးအရပ်သားပြည်သူနှင့် ကလေးငယ်အများဆုံးပါရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုကိခိုက်မှု ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူနှင့် ကလေးငယ်များစွာ အသက်ဆုံးရှုံးခဲ့ရကြောင်း NUGက ဆိုသည်။
စစ်ကောင်စီတပ်က ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းသို့ ပြီးခဲ့သည့် ဇန်နဝါရီ လ ၁၀ရက်နေ့ ညနေ ၄နာရီ ခွဲခန့်တွင်တစ်ကြိမ်၊ဇန်နဝါရီလ ၁၁ရက်နေ့ ညနေ ၄နာရီတွင် တစ်ကြိမ် တိုက်လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းသည် ဇန်နဝါရီ၁၂ရက်နေ့အတွင်း စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှု ၏နောက်ဆုံးဖြစ်စဉ် ဖြစ်သည်။
ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ဇန်နဝါရီလ ၁၀ရက်နေ့က ချင်းအမျိုးသားတပ်ဖွဲ့ဝင် တော်လှန်ရေးရဲမေ ၂ဦးနှင့် ရဲဘော် ၃ဦးကျဆုံးကာ ဒဏ်ရာရရှိသူများရှိခဲ့ပြီး ဇန်နဝါရီလ ၁၁ရက်နေ့တွင် ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း NUGအစိုးရက ထုတ်ပြန်ထားသည်။
Camp Victoria လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၁ရက်နေ့က ဟားခါးမြို့ရှိ ဆိုင်များကိုပိတ်ကာ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသခဲ့သေးသည်။
အိမ်နီးချင်း အိန္ဒိယလေပိုင်နက်ကို ကျော်လွန်အသုံးပြုကာ မြန်မာပြည်သူများအား တိုက်လေယာဉ်ဖြင့် ဗုံးကြဲ သတ်ဖြတ်နေရုံသာမက အိမ်နီးချင်းနိုင်ငံများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပါ ခြိမ်းခြောက်နေသည့် စစ်တပ်၏ လုပ်ရပ်များကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ကြရန် NUGအစိုးရက တိုက်တွန်းထားသည်။