စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်တပ် မီးရှို့ခဲ့သောရွာများထဲက ဒေသခံ ၆ဦးပျောက်ဆုံး နေကြောင်း သိရသည်။
ဇန်နဝါရီ၉ရက်နေ့က အင်တိုင်လေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာအင်တိုင်လေးရွာသား ဦးမြင့်ညိမ်း၊ဦးတင်မိုးနှင့် ဒေါ်ဖြူ တို့ပျောက်ဆုံးနေပြီး ကျန်းမာရေမကောင်း၍ မတိမ်းရှောင်နိုင်သော ဦးဝန်မြ(၈၅နှစ်)ကိုမူ မီးလောင်သေဆုံးနေသည့် ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ဇန်နဝါရီ၉ရက်နေ့တွင် ဝင်ရောက်အကြမ်းဖက်မီးရှို့ခဲ့သည့် ချောင်း နားကျေးရွာ ကပျောက်ဆုံးနေသူ၂ဦးအနက် ဦးသိန်းထွန်းမှာ ဒဏ်ရာများဖြင့် ပြန်လည်ရောက်ရှိလာပြီး ဦးမြင့်ဆွေ မှာပျောက်ဆုံးနေဆဲဖြစ်သည်။
ဇန်နဝါရီ၁၁ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ခဲ့သည့် အင်တန်းရွာမှ အသက်၈၀အရွယ် အဘိုးဦးတင်မောင်နှင့် အသက်၇၀အရွယ် အဘွား ဒေါ်ဆန်းနုတို့ ၂ဦးမှာလည်း စစ်တပ် ရွာထဲ ဝင်လာ စဉ် ကျေးရွာအတွင်း ပိတ်မိကာ ကျန်နေခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဆိုသည်။
“ကျွန်တော်တို့ ဒီဇင်ဘာ၁ရက်ကနေ ဇန်နဝါရီ၉ရက်နေ့အထိ ရက်၄၀အတွင်းမှာ အိမ်၃၅၀၀ လောက် မီးရှို့ခံခဲ့ရတာဆိုတော့ အခုသိရတဲ့ပျောက်ဆုံးနေတဲ့ လူစာရင်းက ရသလောက်စာရင်းပါ။ဒါထက် ပို များ နိုင်ပါတယ်။အခုအချိန်ထိ အကုန်လုံးက ဝရုန်းသုန်းကားပြေးလွှားနေကြရတုန်းဆိုတော့ ဂဏန်း မငြိမ်သေးဘူး”ဟု ဒီပဲယင်းစစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
ဇန်နဝါရီ၇ရက်နေ့က လည်း ဆပ်ပြာကျင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့စဉ် ထွက်မပြေးနိုင်သည့် အသက်၈၄နှစ်အရွယ်အဘိုးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။
ဒီဇင်ဘာ၁ရက်နေ့မှ ဇန်နဝါရီ၉ရက်နေ့အထိ ရက်ပေါင်း ၄၀အတွင်းဒီပဲယင်းမြို့နယ်၊ရွာ၃၆ရွာက အိမ်၃၄၆၁အိမ်၊ဆန်စက်၃လုံးနှင့် ဈေးဆိုင်ခန်း ၂၄ခန်းမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ခုနှစ်ဇန်နဝါရီ၉ရက်နေ့အထိ ဒီပဲယင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်မီးရှို့ဖျက် ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၄၈၁၉လုံး မီးလောင်ကျွမ်းခဲ့ပြီဖြစ်သည်။