ထိုင်းမူးယစ်ဆေးဝါးစီးနင်းမှုအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် မင်းအောင်လှိုင်၏ သားသမီးများပိုင်ဆိုင်မှု အချို့ကို ထိုင်းအစိုးရက သိမ်းဆည်းခြင်းမရှိသေးကြောင်း Justice For Myanmar က ထုတ်ပြန်အသိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်းက မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် သုံးဦးတို့ကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဒီဇင်ဘာ ၁၃ ရက်နေ့က စွဲချက်တင် အရေးယူထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ စွဲချက်တင်အရေးယူစစ်ဆေးနေသည့် မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်အမှုအတွင်း သိမ်းဆည်းရရှိမိသည့် သိန်းသောင်းချီတန်သည့် ပိုင်ဆိုင်မှုများထဲမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော ဘန်ကောက်မြို့ရှိ အဆင့်မြင့်ဇိမ်ခံကွန်ဒိုဖြစ်သည့် အိမ်ခန်းလေးခန်းပါ Belle Rama 9 ကွန်ဒိုအခန်းတစ်ခန်းနှင့် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် နာမည်ဖြင့်ဖွင့်လှစ်ထားသည့် Siam Commercial Bank စာအုပ်နှစ်အုပ်တို့ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။
“ ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ စွဲဆိုထားတဲ့ ရာဇဝတ်မှုကနေ သူတို့တွေ အကျိုးအမြတ်ရရှိခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးဖို့နဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အားပေးပံ့ပိုးနေတဲ့ ထောက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေကြတာတွေနဲ့ ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မှုတွေ ဝယ်ယူနေကြတာတွေကို ပိတ်ပင်တားဆီးဖို့ တိုက်တွန်းတောင်းဆိုပါတယ်” ဟု Justice For Myanmar ၏ ယနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထုတ်ပြန်ချက်အတွင်း “ ထွန်းမင်းလတ်ကို ဖမ်းဆီးတဲ့အချိန်မှာ အဲဒီ ကွန်ဒိုအခန်းနဲ့ ဘဏ်စာအုပ်တွေဟာ ထွန်းမင်းလတ်နဲ့ လက်ပူး လက်ကြပ်ဖမ်းမိတဲ့ ပစ္စည်းစာရင်းတွေမှာ ပါတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ သားသမီးနှစ်ဦးကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။ မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို ဦးဆောင်ပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှု ရှိနေတဲ့ အခြေအနေမှာ ယခုဖြစ်ရပ်တွေ မမျှော်လင့်ဘဲ ထွက်ပေါ်လာတာဖြစ်ပါတယ်” ဟု Justice For Myanmar က ထည့်သွင်းရေးသားခဲ့သည်။
မြန်မာနိုင်ငံ စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံနှင့် သမီး မခင်သီရိသက်မွန်တို့၏ စီးပွားရေးလုပ်ငန်းများကို အမေရိကန်နိုင်ငံနှင့်ကနေဒါနိုင်ငံတို့မှ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပြီးဖြစ်သည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးနှစ်ဦးဖြစ်သော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး ထိုင်းအစိုးရမှ ဖမ်းဆီးထိန်းသိမ်းစွဲချက်တင်ထားသည့် ထွန်းမင်းလတ် အမှုနှင့်ပတ်သက်၍ အကျိုးအမြတ်များ ရရှိခဲ့ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးပေးရန်နှင့် ထိုင်းဥပဒေချိုးဖောက်မှုများကို တစ်စုံတစ်ရာတွေ့ရှိပါက တရားစွဲဆိုအရေးယူပေးရန် Justice For Myanmar က တိုက်တွန်းတောင်းဆိုထားခြင်းဖြစ်သည်။