ရွှေပြည်သာမြို့နယ်၊၂၀ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို စစ်ကောင်စီတပ်က သေနတ်ကိုင်ဆောင်ခွင့်ပြုကာ မဲစာရင်းကောက်ခိုင်းနေကြောင်း သိရသည်။
“ အခုရွှေပြည်သာ ၂၀ရပ်ကွက်မှာ အင်အားကတောင့်သွားပြီ။ရပ်ကွက်လူမိုက်တွေရော၊ပျူတွေပါ အုပ်ချုပ်ရေးမှူးရုံးထဲပါလာကြပြီ။အခုတစ်အိမ်တက်တစ်အိမ်ဆင်း မဲစာရင်းကောက်နေကြတယ်။ဘယ်ကောင်ကိုမှ ဂရုမစိုက်တဲ့အထာနဲ့” ဟု ၂၀ရပ်ကွက်အတွင်းပြည်သူတစ်ဦးက ပြောသည်။
၂၀ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို စစ်ကောင်စီတပ်က သေနတ် ၃လက်ပေးထားကြောင်း သိရသည်။
သေနတ်ကိုင်ဆောင်ခွင့်ရထားသည့် ၂၀ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် အရက်သေစာသောက်စားပြီးချိန်တွင် ၎င်းတို့၏သေနတ်များကို အစမ်းပစ်ဖောက်လေ့ရှိကြောင်း ၈ရပ်ကွက်နေသူတစ်ဦးကပြောသည်။
“ အဲ့ဘက်မှာ အမျိုးတွေရှိတော့ သူတို့လန့်နေကြတာ။မနေ့ည ၁၀နာရီကလည်း သေနတ်နှစ်ချက်ပစ်သံကြားလို့ တပ်ကပစ်တယ်ထင်တယ်။နောက်မှ အုပ်ကြီးတို့ပစ်မှန်းသိတာ။ရွေးကောက်ပွဲလုပ်ဖို့ လူတွေတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ကောက်နေကြတယ်။၈ရပ်ကွက်၊၁၃ရပ်ကွက်နဲ့ ၇ရပ်ကွက်ထဲမှာ။၈ရပ်ကွက်ကကောင်တွေဆို ဧည့်စာရင်းတစ်ရက်နောက်ကျတာနဲ့ ပိုက်ဆံကောက်တာ” ဟု ရွှေပြည်သာမြို့နယ်၊၈ရပ်ကွက်သားတစ်ဦးက ပြောသည်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို အသစ်ပြန်လည်ခန့်အပ်ထားပြီး သေနတ်ကိုင်ဆောင်ခွင့်ပြုထားကြောင်း သတင်းထွက်ပေါ်နေသော်လည်း MPA အနေနှင့် အတည်မပြုနိုင်သေးပေ။
ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဇန်နဝါရီလ ၆ရက်နေ့မှစတင်ကာ တစ်အိမ်တက်ဆင်းလူဦးရေစာရင်းများကောက်ယူနေကြကြောင်း သိရသည်။