စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၌ တစ်ပတ်တာအတွင်း အိမ်၄၀၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး မတိမ်းရှောင်နိုင်သည့်အဘိုး၂ဦး မီးရှို့အသတ်ခံခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီ၃ရက်နေ့မှ ၉ရက်နေ့အထိ ဒီပဲယင်းမြို့နယ်ရှိ ရွာ၁၁ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်၃၉၆လုံးနှင့် ဆန်စက်၁လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ယနေ့ထုတ်ပြန်သည်။
ဇန်နဝါရီ၉ရက်နေ့က ဒီပဲယင်းမြို့နယ်၊အင်တိုင်လေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့စဉ် ကျန်းမာရေမကောင်း၍ မတိမ်းရှောင်နိုင်သော ဦးဝန်မြ(၈၅နှစ်) မီးလောင်သေဆုံးခဲ့ပြီး မီးလောင်သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်သည်။
ဇန်နဝါရီ၇ရက်နေ့က လည်း ဆပ်ပြာကျင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့စဉ် ထွက်မပြေးနိုင်တဲ့ အသက်၈၄နှစ်အရွယ်အဘိုးတစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်။
“တချို့ရွာတွေဆို တစ်ကြိမ်တည်းမဟုတ်ဘူး၊၂ကြိမ်ဝင်မီးရှို့သွားတယ်။ဘာ့ကြောင့် ၂ကြိမ် မီးရှို့ သလဲဆိုတော့ လမ်းကြုံလို့ ဝင်မီးရှို့တယ်လို့ပဲ ပြောရမယ်ထင်တယ်။မီးရှို့ခံရတာက များနေတော့ အကူအညီပေးနေတာတွေ လူအားလည်းမနိုင်သလို ငွေအားကတော့ တော်တော့်ကိုလိုအပ်နေတယ်” ဟု ဒီပဲယင်းစစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ရေဦးမြို့နယ်၊ လျှော်ဖြူကျေးရွာကိုစစ်တပ်က မီးရှို့ခဲ့ရာ အိမ်၈၅လုံးပြာ ကျခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်ထားသည်။
ဒီပဲယင်းမြို အနီး အင်းတန်းကျေးရွာကို စစ်တပ်က ယနေ့တွင် မီးရှို့ခဲ့သော်လည်း မီးလောင်ပြာကျ အိမ်အရေအတွက်ကို မသိရသေးပေ။
မီးရှို့ခံရသည့်ရွာများအတွင်း လူတချို့ ပျောက်ဆုံးနေကြောင်း သိရသော်လည်း ယနေ့ထိတိုင် ပြေးလွှားရှောင်တိမ်းနေရခြင်းများကြောင့် အတည်မပြုနိုင်သေးကြောင်း ဒီပဲယင်းစစ်ရှောင်ကူညီနေသူက ဆိုသည်။