မြဝတီသို့ အာရှလမ်းမကြီးမှ ဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းထိခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းသိရသည်။
မန္တလေးမြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ထွက်ခွာလာခဲ့သည့် ရွှေလရောင်ခရီးသည်ယာဉ်တစ်စီးသည်
ဇန်နဝါရီလ ၁၀ရက်နေ့ ည ၉နာရီခန့်က အာရှလမ်းပိုင်းတစ်နေရာတွင် မိုင်းထိခဲ့ခြင်းဖြစ်ကြောင်း မြဝတီကားဝင်းဂိတ်အတွင်း ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးက ပြောသည်။
“ မနေ့ညက ကားဝန်းထဲကိုရောက်တယ်။ ဘေးမှန်တွေတော့ကွဲနေတယ်။ ခရီးသည်တွေတော့ဘာမှမဖြစ်ဘူး။ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းပေါ်က ဆိတ်ဖူးတောင်ကြားနားမှာဖြစ်တာလို့ ပြောတယ်” ဟု ၎င်းကပြောသည်။
ဇန်နဝါရီလ ၇ရက်နေ့မှ စတင်ပြီး ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းကို ပြန်လည်ဖွင့်ပေးခဲ့ပြီး ခရီးသည်များကို ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း ခရီးသည်တင်ယာဉ် မောင်းနှင်နေသူ တစ်ဦးကပြောသည်။
“ ကားတွေက ပိတ်လိုက်ဖွင့်လိုက်ပဲ။အဝင်မှာ တံတားကျိုးနေလို့ ကားသေးလေးတွေကိုပဲဖြတ်ခိုင်းပြီး ကားကြီးကအောက်လမ်းက ဖြတ်ရတယ်။လမ်းပိုင်းမှာ မိုင်းထိလို့ အပေါက်ဖြစ်နေတဲ့နေရာတွေကိုတော့ ရှောင်မောင်းရတယ်။မနေ့ကဖြစ်တဲ့တိုက်ပွဲကလည်း ခဏဖြစ်တာနဲ့တူတယ်။အခုထိတော့ လမ်းပိတ်တာမရှိသေးဘူး” ဟု၎င်းကပြောသည်။