ရန်ကုန်မြို့တွင် အနှိပ်ခန်းအမည်ခံပြည့်တန်ဆာလုပ်ငန်းဖွင့်လှစ်မှု သိသိသာသာများလာကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အလုံ၊ဗဟန်း၊တာမွေနှင့် လှိုင်သာယာမြို့နယ်များတွင် အနှိပ်ခန်းအမည်ခံကာ သက်ဆိုင်ရာမြို့နယ်ရှိ ရဲနှင့် စစ်ကောင်စီတပ်သားများအား ဆက်ကြေးပေးပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။
“ အခုဟာက အနှိပ်ခန်းအမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ နေရာတွေများလာတာပေါ့။ဘုရင့်နောင်မှာဆို လေးဆိုင်လောက်တိုးတယ်။လှိုင်သာယာမှာလည်း ၃ဆိုင်လောက်တိုးလာတယ်။ရဲတွေကမသိတာမဟုတ်ဘူး။သိသိကြီးနဲ့လွှတ်ပေးထားတာ။အဲ့လိုနေရာတွေမှာ နဂိုရှိပြီးသား ဆိုင်တွေလည်းရှိသေးတယ်” ဟု သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။
၂၀၂၂ခုနှစ်၊ဧပြီလပိုင်းလောက်မှ စတင်၍ ရန်ကုန်မြို့တွင် ပြည့်တန်ဆာပိုများလာသည်ကို တွေ့ရကြောင်း လှိုင်သာယာမြို့နယ်နေသူတစ်ဦးက ပြောသည်။
“ အရင်က နဝဒေးအိမ်ယာထိပ်နဲ့ ရုံးရှေ့နားမှာဆို အယောက် ၅၀တောင်မပြည့်ဘူး။အခုက ၁၀၀ကျော်လာပြီ။စက်ရုံဆင်းတဲ့ ကောင်မလေးတွေပါ ခေတ်မကောင်းလို့ ညဌက်လိုင်းထဲရောက်လာကြတယ်” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ရှိ ပြည့်တန်ဆာလုပ်ငန်းအချို့ကို နာမည်ကြီးလူမိုက်များဖြစ်သည့် ကျင်ဟုတ်၊ကျော်ဝင်းစိန်နှင့် အောင်စိုးလေးတို့က နောက်ကွယ်မှ ဆက်ကြေးယူကာ စစ်တပ်နှင့် အဆင်ပြေစေရန် အာမခံပေးထားကြောင်း MPAက စုံစမ်းသိရသည်။