စစ်ကိုင်းတိုင်း၊အရာတော်မြို့ပေါ်တွင် လူဦးရေစာရင်းကောက်ခံသည့်အဖွဲ့အတွက် ရှေ့ပြေးလုံခြုံရေး လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။
အရာတော်မြို့၊ အမှတ်၂နယ်မြေ၊ အင်းကြင်းလှရပ်ကွက်သို့ ရဲနှင့် Non-CDM ဝန်ထမ်းများ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ရန်အတွက် ယနေ့နံနက် ၇နာရီ၁၅မိနစ်ခန့်က ရှေ့ပြေး လုံခြုံရေးအဖြစ် ရောက်ရှိလာသည့် စစ်သားများ မိုင်း၂လုံးဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စာရင်းကောက်သည့်အဖွဲ့မှာ မိုင်းဆွဲခံရပြီးနောက် လှည့်ပြန်ပြေးသွားကြောင်း အရာတော်မြို့သားတချို့က ပြောသည်။
” ထိခိုက်မှုတော့မသိရသေးဘူး၊အင်ကြင်းလှရပ်ကွက်ထဲကို ဧည့်စာရင်းနဲ့သန်းခေါင်စာရင်းလာကောက်တဲ့ စစ်သားတွေကိုတော်လှန်ရေးအင်အားစုတွေက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” လို့ အရာတော်မြို့နယ် ပကဖတာဝန်ရှိသူကဆိုသည်။
မိုင်းပေါက်ကွဲသံကို ကျယ်လောင်စွာကြားခဲ့ရပြီးနောက် စာရင်းကောက်အဖွဲ့မှာ ချက်ချင်း လှည့် ပြန်ပြေးခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော် တို့ကတော့ရရာနည်းနဲ့ကန့်ကွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။
လူဦးရေစာရင်းကောက်ခံမှုတွင်ပါဝင်သည့် Non CDM ဝန်ထမ်းတို့၏ စာရင်းကို အတိအကျသတင်းရရှိထားပြီဖြစ်ပြီး တစ်ချိန်တွင် သေချာပေါက်အရေးယူသွားမည်ဟုလည်း ပကဖတာဝန်ရှိသူကဆိုသည်။
အရာတော်မြို့တွင် စစ်ကောင်စီတပ်၊ ရဲနှင့် Non CDM ဝန်ထမ်း စုစုပေါင်း အင်အား ၅၀ ခန့်တို့သည် ဇန်နဝါရီလ ၉ရက်နေ့မှ စတင်ပြီး တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ခံလျက်ရှိသည်။