လက်ရှိပြည်တွင်း၌အများအပြားကစားနေကြသည့် ငါးဖမ်းဂိမ်း၊ စလော့ဂိမ်းစသည့် လောင်းကစားဂိမ်းများအွန်လိုင်းပေါ်၌ကြော်ငြာခြင်းကိုအရေးယူသွားမည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ပြောဆိုချက်အရသိရသည်။
လက်ရှိလူမူကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းပလက်ဖောင်းများတွင် အခကြေးငွေပေးကာ အွန်လိုင်းလောင်းကစားကြေညာမှုများပြားလျက်ရှိသလို ဆော့ကစားသူလည်း များပြားလာကြောင်းစုံစမ်းသိရသည်။
” အစက စဆော့ရင်သူတို့ကအလျော်ပေးတယ်၊ Digital Currency နဲ့ပဲအပေးအလျော်ကလုပ်တာ၊ ချက်ချင်းနိုင်ချက်ချင်းထုတ်လို့ရတယ်၊ နောက်ပိုင်းတွေတောက်လျှောက်တွေရှုံး၊ ငွေမျောငွေနဲ့လိုက်အကုန်ပါ၊ အကြွေးတွေပါတင်တယ်၊ တချို့ဆိုဘဝပါပျက်သွားတာ” ဟု စမ်းချောင်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက MPA သို့ပြောသည်။
လူမှုကွန်ရက်စာမျက်နှာ၊အွန်လိုင်းပေ့ချ်များနှင့်ဝက်ဆိုက်ဘ်များတွင်အခကြေးငွေယူကာ အွန်လိုင်းလောင်းကစားဂိမ်းများကိုလက်ခံသူများမှာ တခြားကြေညာများရရှိရန်ခက်ခဲသွားကြောင်းသိရသည်။
” အခုဘယ်ပေ့ချ်ကြည့်ကြည့်၊ ဘယ်ချယ်နယ်လ်ပဲ ကြည်ကြည့် စလော့ဂိမ်းကြော်ငြာတွေပဲ ကြည့်ရမှာ၊ သူတို့ကအများဆုံးပဲကြော်ငြာနေရာမှာပေါ့၊ ကျွန်တော်တို့ပေ့ချ်ကလည်း အဲ့ဂိမ်းကြော်ငြာကိုပဲလက်ခံထားတာပေါ့၊ တစ်ပုဒ်ကိုဘယ်လောက်ဆိုပြီးတော့ပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်ပေ့ချ်မှာကြည့်နေတဲ့ဗျူယာတွေကိုတော့မလျှော့နိုင်လို့ ကြော်ငြာရရမရရ ကျွန်တော်ဆက်လက်တင်ဆက်သွားရမှာပါပဲ” ဟု ပေ့ချ်အက်ဒမင်တစ်ဦးက MPA သို့ပြောသည်။
အနုပညာရှင်အချို့နှင့် ပေ့ချ်အချို့မှာမူ အဆိုပါအွန်လိုင်းလောင်းကစားဂိမ်းကြေညာများကို လက်မခံဟုအတိအလင်းထုတ်ဖော်ပြောဆိုမှုများလည်းရှိသည်။
” ကျွန်မဆိုလည်း ဆက်စီပုံတွေရိုက်တာပဲ၊ ဒါပေမဲ့အွန်လိုင်းလောင်းကစားဂိမ်းကြေညာတွေကိုလုံးဝလက်ခံရိုက်ကူးသွားမည်မဟုတ်ပါလို့ ဖေ့စ်ဘုတ်ခ်မှာ အတိအလင်းရေးထားပြီးသား၊ ပိုက်ဆံဘယ်လောက်ပေးပေးမရိုက်ပါဘူး” ဟု မော်ဒယ်လ်တစ်ဦးက MPA သို့ပြောသည်။