ယခုနှစ်စတွင် ရန်ကုန်မြို့၊အောင်မင်္ဂလာအဝေးပြေးကားဝန်းအတွင်း ပျံကျနေထိုင်သူ၃ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါသေဆုံးသူများမှာ အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသူများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ရာသီဥတုအေးလာခြင်းကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အခုဇန်နဝါရီ ပထမအပတ်မှာတင် အဲ့လိုသေနေတာ ၃ယောက်ရှိနေပြီ၊ အခုရက်ပိုင်းအေးလာတာတွေရော၊ ပြီးတော့ သေတဲ့သူတွေက ရောဂါအခံတွေရှိတာတွေလည်းပါမယ်၊ ပြီးတော့ အစာအဟာရချို့တဲ့တဲ့ ဒဏ်တွေရယ်၊ အရက်တွေ၊ မူးယစ်ဆေးဝါးတွေသောက်သုံးတာတွေကြောင့်ပေါ့ဗျာ”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့က အောင်မင်္ဂလာအဝေးပြေးကားဝန်းထဲရှိ တနင်္သာရီလမ်းတွင် အမျိုးသားတစ်ဦး၊ စစ်ကိုင်းလမ်းတွင် အမျိုးသားတစ်ဦးနှင့် ဇန်နဝါရီ ၈ ရက်နေ့က မုံရွာလမ်းတွင် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
“အခုသေသွားကြတဲ့သူတွေကတော့ ပြင်ပဒဏ်ရာတွေတော့မတွေ့ရဘူးဗျ၊ Body တွေကိုတော့ မြောက်ဥက္ကလာပမေဓာဝီဆေးရုံကိုပို့ပေးထားတယ်၊ သေသွားကြတဲ့သူတွေက နယ်ဘက်ကများတယ်၊ ဒီဝန်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာပြီးနေထိုင်စားသောက်ကြတာ၊ ကြုံတဲ့နေရာမှာထိုးအိပ်ကြတာပဲ၊ အဲ့လိုက အမြဲသေပါတယ်၊ ကိုဗစ်ကာလတုန်းကလည်းသေကြတာပဲ”ဟု၎င်းကပြောသည်။
သေဆုံးသူများကို မေဓာဝီဆေးရုံသို့ပို့ဆောင်ထားပြီး မိသားစုဝင်များအနေဖြင့် သွားရောက်ရှာဖွေမေးမြန်းစုံစမ်းနိုင်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။