ရန်ကုန်မြို့၊မင်္ဂလာဒုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်ဆိုင်ကယ်တင်မက ဘေးတွဲများပါ ဖမ်းဆီးလာကြောင်း မင်္ဂလာဒုံမြို့နယ်၊ငါးကန်အနီးနေသူတစ်ဦးက ပြောသည်။
အထက်ပါဖမ်းဆီးမှုများကို ဇန်နဝါရီလ ၉ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းရဲများက ပြုလုပ်လာခြင်းဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်၊ ငါးကန်အနီးနေသူတစ်ဦးက ပြောသည်။
“ မနေ့က စဖမ်းတာ။ခရေပင်လမ်းခွဲမှာ သုံးဘီးတွေကိုပါမတာ ၁၂စီးလောက်ပါသွားတယ်။တစ်စီးမှ ပြန်မပေးဘူး။ဆိုင်ကယ်လည်း ၁၀စီးလောက်ပါတယ်” ဟု ၎င်းကပြောသည်။
ယနေ့ နံနက် ၇နာရီခန့်ကစတင်ပြီး ညနေ ၅နာရီအထိ လှိုင်သာယာမြို့နယ်၊ရုံးရှေ့ မှတ်တိုင်အနီးနှင့် မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းခွဲတို့တွင် ယာဉ်ထိန်းရဲများရောက်ရှိလာကာ ဆိုင်ကယ်တင်မက ဘေးတွဲများကိုပါဖမ်းဆီးနေပြီး တစ်စီးလျှင် ကျပ်၅သောင်းမှ ၂သိန်းကြားပေးမှ ပြန်ပေးကြောင်း ရုံးရှေ့မှတ်တိုင်အနီးနေသူတစ်ဦးက ပြောသည်။
“ ဒီနေ့ရုံးရှေ့မှာ ဆိုင်ကယ်တစ်စီးကို ၇သောင်းတောင်းတယ်။ညှိတာဘာညာနဲ့ဆို ငါသောင်းပေါ့။ဒီကြားထဲ သုံးယောက်စီးတဲ့သူဆို ဝိတ်ပိုကြေး သုံးသောင်းထပ်ပေးရသေးတယ်။ညနေလောက်ကျတော့ စစ်ကားလာပြီး အကုန်သိမ်းသွားတော့တာပဲ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၊ရွှေပြည်သာတံတားအဆင်း၊အင်းစိန်မြို့နယ်၊ပေါက်တောဝမှတ်တိုင်၊လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်၊မင်္ဂလာဒုံမြို့နယ်ခရေပင်လမ်းခွဲ၊ ၊ငါးကန်နှင့် နိုင်ငံရေးမှတ်တိုင်အနီးတို့တွင် ဆိုင်ကယ်ဖမ်းဆီးမှုများ ရက်ဆက်ပြုလုပ်လာကြကြောင်း MPAကစုံစမ်းသိရသည်။