မီးဖြတ်ထားသည့် မြဝတီမြို့တွင် ဧည့်စာရင်းစစ်ခြင်းနှင့်လူဦးရေစာရင်းကောက်ယူမှုကို ရက်ဆက်ပြုလုပ်နေကြောင်း သိရသည်။
ဧည့်စာရင်းစစ်ဆေးမှုနှင့် လူဦးရေစာရင်ကောက်ယူမှုတို့ကို ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ မြဝတီမြို့အခြေစိုက်BGFတပ်က ကောက်ခံနေခြင်းဖြစ်ကြောင်း မြဝတီမြို့၊အမှတ် ၃ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“ ဧည့်စာရင်းစစ်တာနဲ့ သန်းခေါင်စာရင်းကောက်တာကို အခုတလော ဆက်တိုက်လုပ်လာတာ။ကျွန်းတောဘက်မှာတော့ ဝင်ပြီးသွားပြီ။အခုလိုမလုပ်တာက တော်တော်ကြာလှပြီ” ဟု ၎င်းကပြောသည်။
မြဝတီမြို့တွင် စစ်ကောင်စီတပ်၊ ယင်းမြို့အခြေစိုက် BGFတပ်များနှင့် KNUတပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားနေသည့်ကြားမှ ယခုလို ကောက်ယူနေခြင်းဖြစ်ကြောင်း မြဝတီမြို့၊တောရကျောင်းအနီးနေသူတစ်ဦးက ပြောသည်။
“ စစ်တာက BGFနဲ့ တပ်နဲ့ပေါ့။တိုက်ပွဲဖြစ်ပွားနေတာတော့ နည်းနည်းအေးပြီဆိုပေမယ့် ဖြစ်ချင်ထဖြစ်နေကြတာပဲ။မြို့တွင်းကို အရင်ကောက်မယ်နဲ့တူတယ်။မြဝတီမှာတော့ ညပိုင်းသွားလာလို့ မကောင်းတော့ဘူး။မီးကလည်း အမြဲပျက်နေတာ ကြာလှပြီ” ဟု ၎င်းကဆို သည်။
လက်ရှိတွင်စစ်ကောင်စီပြုလုပ်လိုသည့် ၂၀၂၃ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူမှုကို ဇန်နဝါရီ၉ရက်မှ ၃၁ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်နေသူများကို အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းထန်စွာ တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဇန်နဝါရီ၉ရက်တွင်ကြေညာချက်ထုတ်ပြန် ခဲ့သည်။