ဒီပဲယင်းမြို့နယ်၊အင်တိုင်းလေးနှင့်ချောင်းနားရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ် ထွက်မပြေး နိုင်သဖြင့်ရွာထဲပိတ်မိနေသော သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်သည်။
စစ်တပ်က ကျေးရွာထဲရှိနေစဉ် မတိမ်းရှောင်နိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျေးရွာအတွင်း ကြောက်လန့်စွာ ပုန်းခိုနေကြရာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဝင် ကင်းထောက်/သတင်းထောက်တာဝန်ခံ ကိုမိုးတိမ်နှင့်အဖွဲ့(တပ်ရင်-၂၁) ကကျေးရွာသားများနှင့်အတူ ကျေးရွာအတွင်း အရဲစွန့်ဝင်ရောက် ကာကယ်တင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျေးရွာထဲဝင်ရောက်စဉ် နောက်ချန်စစ်သားများနှင့်တိုးသဖြင့် ပုန်းခိုနေကြရသေးကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကဆိုသည်။
“မနေ့က ရွာထဲသွားကယ်ကြတာ။မပြေးနိုင်တဲ့ အဘိုးအဘွားတွေက မီးထဲပါသွားလည်း စစ်တပ်က သက်ကြီးရွယ်အိုတွေ အရှင်လတ်လတ် မီးရှို့ခံနေရတာကို ထိုင်ကြည့်နေကြလို့ စစ်တပ်ရွာထဲက အကုန် မထွက်သေးတဲ့အချိန်မှာ သွားကယ်ကြတာလို့ သိရတယ်”ဟု ဒီပဲယင်းစစ်ရှောင်ကူညီနေသူ တစ်ဦးကပြောသည်။
ရွာထဲမှ စစ်သားများထွက်သွားပြီးနောက် အရိပ်အယောင်ပြ အသံပြုပေးသည့်အခါ အထိတ်တလန့်ဖြင့် ထွက်လာသည့်အဘိုးအဘွား များအားတွေ့ရကြောင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက အသက် (၉၀)အရွယ်အဘွားအား ပွေ့ချီကာ ထွက်လာသည်ကိုတွေ့ရှိသဖြင့် မီးဘေးလွတ်ရာသို့ ပေးပို့ကယ်တင်နိုင်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်သည်။
အင်တိုင်းလေးရွာနှင့်ချောင်းနားရွာတို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီ၉ရက်နေ့တွင် ဝင်ရောက် မီးရှို့ ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေမည်မျှ ပြာကျခဲ့သလဲဆိုသည်ကို မသိရသေးပေ။
ဇန်နဝါရီ၇ရက်နေ့က ဆပ်ပြာကျင်းရွာနှင့် ဘုတ်ရွာတို့ကို အကြမ်းဖက်စစ်တပ်ကဝင်ရောက်မီးရှို့ခဲ့ရာ ဆပ်ပြာကျင်းရွာမှထွက်မပြေးနိုင်သည့် အသက်၈၄နှစ်အရွယ်အဘိုးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။
ဆပ်ပြာကျင်းကျေးရွာက နေအိမ် ၇၂ လုံးနှင့် ဘုတ်ရွာက နေအိမ် ၁၈၀မီးလောင်ဆုံးရှူံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဆိုသည်။
“အရင်တုန်းက ရွာတွေထဲဝင်တာက စစ်ကြောင်းထိုးနယ်မြေရှင်းတာ။အခု၂၀၂၂နှစ်ကုန်ပိုင်းလတွေက စပြီး ရွာထဲဝင်တယ်ဆိုတာ ရွာကို မီးရှို့ဖို့ ရည်ရွယ်ချက်နဲ့ဝင်တာဖြစ်သွားပြီ။အခုစစ်ခွေးတွေ ဒီပဲယင်း မှာ တစ်ရွာဝင်တစ်ရွာထွက် လိုက်မီးရှို့နေတယ်”ဟုဒီပဲယင်းစစ်ရှောင်ကူညီနေသူက ပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီလအတွင်း ဇန်နဝါရီ၃ရက်နေ့မှစတင်ကာ ယင်းတွေရွာ၊စိုင်ပြင်မြို့၊ကြည်ရွာ၊ဘုရားထွက်ရွာ၊မန်ကျည်းစောက်ရွာ၊ဆပ်ပြာကျင်းရွာ၊ဘုတ် ရွာ၊ဝန်းရံရွာ၊ကုန်းရိုးရွာ၊အင်တိုင်းလေးရွာနှင့် ချောင်းနားရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ သည်။
ဒီပဲယင်းမြို့နယ်၊စိုင်ပြင်ရွာသည် လယ်တီဆရာတော်ကြီး မွေးဖွားခဲ့ရာရွာဖြစ်ပြီး ၂၀၁၈ခုနှစ် တွင် မြို့ အဆင့်တိုးမြှင့်သတ်မှတ်ခံရကာ အိမ်ထောင်စု ၂၀၀၀ကျော်ရှိသည့် မြို့နယ်ခွဲဖြစ်သည်။