ကိုဗစ်ဖြစ်ပွားနှုန်းမြင့်တက်နေသည့် တရုတ်နိုင်ငံက မူဆယ်-ရွှေလီဂိတ်ကို ဖွင့်ပေးထားသော်လည်း မြန်မာနိုင်ငံဘက်က ပိတ်ထားကြောင်း မူဆယ်မြို့ခံများကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၈ရက်နေ့ ၊နံနက် ၉နာရီ ခွဲမှ ည ၁နာရီအထိ မူဆယ်-ရွှေလီ မိန့်ဝိန်း ကုန်တင်ယာဉ် ဝင်/ထွက် နယ်စပ်ဂိတ်အား စတင်ဖွင့်လှစ်ခဲ့သော်လည်း မြန်မာနိုင်ငံဘက်က ဂိတ်တံခါးများ ပိတ်ထားကြောင်း မူဆယ်မြို့နေသူ တစ်ဦးက ပြောသည်။
“ တရုတ်က ကိုဗစ်အကြောင်းပြပြီး ဇူလိုင်လထဲမှာ မိန့်ဝိန်းဂိတ်ကိုပိတ်လိုက်တာ။အခုသူတို့တွေ ကိုဗစ်အရမ်းဖြစ်နေကြတာ။ရွှေလီမန်စီဘက်ကသူတွေ အိုမီခရွန်ဖြစ်နေကြတာမှ အများကြီး။အခုသူတို့တံခါးဖွင့်လို့ မြန်မာဘက်ကသာ ပြန်ဖွင့်ပေးရင် ကိုဗစ်က မူဆယ်မှာ ကြောက်စရာကောင်းအောင်ဖြစ်မှာ” ဟု ၎င်းကပြောသည်။
မူဆယ်မြို့ရှိ မူဆယ်-ရွှေလီ မိန့်ဝိန်း ကုန်တင်ယာဉ် ဝင်/ထွက် နယ်စပ်ဂိတ်ကို မြန်မာနိုင်ငံဘက်မှ ဖွင့်ပေးခြင်းရှိမရှိ မူဆယ်မြို့မရဲစခန်း၏ ရဲအရာရှိတစ်ဦးအားမေးမြန်းရာ ယနေ့အထိ ဖွင့်ပေးခြင်းမရှိကြောင်းနှင့် မြန်မာဘက်က ရုံးခန်းများပင်ပိတ်ထားကြောင်း MPAသို့အတည်ပြုသည်။
“ ဂိတ်ဖွင့်ဖို့နဲ့ပတ်သက်ပြီး ဒီလ၃ရက်နေ့က ရွှေလီမြို့တော်ဝန်နဲ့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးတို့ အွန်လိုင်းက ဆွေးနွေးတာရှိတယ်။တရုတ်ဘက်က ပြောလာတာက နယ်စပ်ဂိတ်တွေဖွင့်ပေးမယ်။ယာဉ်မောင်းတစ်ဦးပဲဝင်။ဆေးစစ်ရမယ်။ရောဂါတွေ့ရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကုရမယ်လို့ပြောတယ်။ပြီးတော့ လူအဝင်အထွက်လုပ်တဲ့ နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်ကို ၉နာရီခွဲကနေ ၁၁နာရီအထိ မနေ့က ဖွင့်ပေးထားတယ်” ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်နေ့ က တရုတ်နိုင်ငံဘက်မှနေ၍ မူဆယ်-ရွှေလီ မိန့်ဝိန်းကုန်တင်ယာဉ် ဝင်/ထွက် နယ်စပ်ဂိတ်အား ကိုဗစ် အကြောင်းပြချက်ဖြင့် အကြောင်းကြားခြင်းမရှိဘဲပိတ်ချခဲ့ရာ မြန်မာကုန်တင်ယာဉ် ငါးထောင်ကျော်ပိတ်မိခဲ့ပြီး ကုန်ပစ္စည်းသိန်းထောင်ချီဆုံးရှုံး ခဲ့ရကြောင်း MPAက စုံစမ်းသိရသည်။