၁၃/၊၁၄/နှင့် ၅/မှတ်ပုံတင်ကိုင်ဆောင်သူများကို အဝေးပြေးလမ်းဂိတ်အချို့တွင် စစ်ကောင်စီ တပ်သားတို့က ငွေတောင်းနေကြောင်း သိရသည်။
ရှမ်းပြည်နယ်လဝက ထုတ်ပေးသည့် နိုင်ငံသားကဒ်ပြားများ(၁၃/)၊ဧရာဝတီတိုင်း လဝက ထုတ်ပေးသည့် နိုင်ငံသားကဒ်ပြားများ(၁၄/)နှင့် စစ်ကိုင်းတိုင်း လဝက ထုတ်ပေးသည့် နိုင်ငံသားကဒ်ပြား ကိုင်ဆောင်ထားသူများ(၅/) ကို အဝေးပြေးလမ်းစစ်ဆေးရေးဂိတ်အချို့တွင် ငွေတောင်းရမ်းကြောင်း Expressကားစီးနင်းသည့် ခရီးသည်တစ်ဦးကပြောသည်။
“ ကျွန်မတို့ ရန်ကုန်ကို ဒီဇင်ဘာ ၃၀လောက်က သွားတာ မှတ်ပုံတင်က ၅/ဖြစ်နေလို့ဆိုပြီး ရန်ကုန်ဘက်သွားတဲ့ ပြင်ဦးလွင်အထွက်ဂိတ်ကနေ စစ်သားတွေက တစ်ယောက်ကို၁သောင်း ကောက်တယ်။မပေးရင်မှတ်ပုံတင်ပေးတဲ့” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ရက်နေ့ကလည်း ရန်ကုန်မြို့မှ မြဝတီမြို့သို့ GI Express ခရီးသည်တင်ကားဖြင့် ခရီးသွားလာခဲ့သည့် ၁၃/မှတ်ပုံတင်ကိုင်ဆောင်သူ အမျိုးသားနှစ်ဦးနှင့် ၁၄/မှတ်ပုံတင်ကိုင်ဆောင်သူ အမျိုးသမီးတစ်ဦးတို့၏ နိုင်ငံသားကဒ်ပြားများကို မြဝတီမြို့အခြေစိုက် BGFတပ်က ခေတ္တသိမ်းကာ တစ်ဦးလျှင် ကျပ်ငါးထောင်တောင်းရမ်းခဲ့ကြောင်း သိရသည်။
“ မနေ့က ညနေ ၆နာရီလောက်ပေါ့။မြဝတီကိုအဝင် အာရှလမ်းဆင်းဆင်းချင်းပဲ BGFက ဗိုလ်တစ်ကောင်ရယ်၊ရဲဘော်နှစ်ကောင်ရယ် GI ကားပေါ်တက်ကောက်တာ။မှတ်ပုံတင်တွေစစ်ပြီး ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဆီက ငါးထောင်စီကောက်သွားတယ်။ဘာကြောင့်လဲဆိုတာတော့ကားပေါ်မှာ မပြောသွားဘူး။ကားယာဉ်အကူကို သွားတောင်းခိုင်းတာ” ဟုခရီးသွားတစ်ဦးကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် စစ်တပ်လက်အောက်ခံ BGFတပ်ဖွဲ့များက အဝေးပြေးလမ်းစစ်ဆေး ရေးဂိတ်များ၌ ခရီးသည်ကားများ၊ကုန်တင်ကားများနှင့် ခရီးသည်များအပေါ် အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးသဖွယ် ငွေကြေးတောင်းခံလျက်ရှိသည်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းကဖြစ်သည်။
#စစ်ကောင်စီ #အဝေးပြေးကား #ရှမ်းပြည် #ဧရာ၀တီ #စစ်ကိုင်း #ဆက်ကြေးကောက် #BGF #MPA .