အာရှလမ်းမကြီးတွင် တံတားအချို့ကျိုးနေသဖြင့် ကုန်တင်ကားနှင့်ခရီးသည်တင်ကားများ ၃နာရီကြာပိတ်ဆို့နေကြောင်း ခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ရက်နေ့ကစတင်ပြီး မြဝတီမြို့အတွင်းသို့ ကားများဝင်ရောက်ခွင့်ပြုခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုရပ်တန့်သွားခဲ့ကြောင်း မြဝတီမြို့သို့ ခရီးသည်တင်ကား မောင်းသူတစ်ဦးက ရှင်းပြသည်။
“ ၇ရက်နေ့ကစပြီး ဖြတ်လို့ရတာ။KNUကတစ်ဖွဲ့စစ်တပ်နဲ့ BGFကတစ်ဖွဲ့ တိုက်ပွဲဖြစ်ကြတာ။အာရှလမ်းမှာပေါ့။ရန်ကုန်ဘက်ကနေ မြဝတီလာတဲ့ဘက်မှာ တံတားက အောက်ပိုင်းတွေကျိုးသွားပြီ။ကားကြီးတွေဖြတ်မရတော့ လမ်းတွေပိတ်တာ။တစ်စီးကို သုံးနာရီကနေငါးနာရီအထိ စောင့်ရတယ်” ဟု ခရီးသည်တင်ကား မောင်းသူတစ်ဦးက ရှင်းပြသည်။
အထက်ပါ အာရှလမ်းမကြီးပေါ်ရှိ တံတားသည် လုံးဝကျိုးပြတ်သွားသည်မဟုတ်သော်လည်း တံတားအောက်ပိုင်းများ ကျိုးပျက်သွားသဖြင့် ကားသေးများကိုသာဖြတ်ခိုင်းပြီး ကားကြီးများကို မြေလမ်းမှ တဆင့်ဖြတ်ခိုင်းကြောင်း မြဝတီမြို့တွင် တာဝန်ကျ နေသည့် BGFဗိုလ်ကြီးတစ်ဦးကပြောသည်။
“ တံတားက ဗုံးသီးထိပြီး အောက်ပိုင်းကျိုးသွားတာ။ကားအကြီးထက်ကားအသေးလေးတွေပဲအရင်သွားခိုင်းတယ်။ဒါမှ ခရီးသည်တွေသွားလို့ရမှာလေ။ကားကြီးတွေကတော့ အောက်ပိုင်းက တစ်စီးစီဖြတ်ပေါ့။လမ်းကဆိုးတော့ တစ်စီးနဲ့တစ်စီးခွာပြီးသွားနိုင်မှ အဆင်ပြေတာပေါ့။တိုက်ပွဲဖြစ်ပွားတာပြီးသွားပေမယ့် နောက်ဆက်တွဲအရ ကုန်ကားတွေနောက်ကျတာတို့ Expressကားတွေ အချိန်နောက်ကျတာတော့ရှိတာပါ” ဟု မြဝတီမြို့တွင် တာဝန်ကျနေသည့် BGFဗိုလ်ကြီးတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် မြဝတီမြို့အဝင်ရှိ အာရှလမ်းမကြီးရှိ လမ်းပိုင်းနေရာအချို့တွင် မိုင်းပေါက်ကွဲမှုကြောင့် လမ်းများ၊တံတားဘောင်များနှင့် တံတားအချို့ ပျက်စီးယိုယွင်းနေပြီး ယင်းလမ်းပေါ်ရှိ BGFအခြေစိုက်စိုက်တပ်စခန်းသည် ဗုံးသီးဒဏ်ကြောင့် အမိုးများပွင့်ကာ ပျက်စီးနေကြောင်း MPA၏ မြေပြင်တွေ့မြင်မှုများအရသိရသည်။