မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်းနှင့်အနောက်ပိုင်းသွားသည့် လမ်းပေါ် မကြာခဏဆိုသလို ဓားပြ တိုက်ခံနေရကြောင်း သိရသည်။
လက်နက်ကိုင်ဆောင်ထားသည့် ဓားပြတိုက်သူတို့ထဲတွင် အမျိုးသမီးများလည်း ပါဝင်ပြီး တောလမ်းထဲမှ ထွက်လာကာ ဓားပြတိုက်ကြခြင်းဖြစ်ကာ ယခုလအတွင်း ၃ကြိမ်ရှိပြီဟု ဒေသခံများကပြောသည်။
“ လူငယ်တွေဆိုဖုန်းပါရင်ဖုန်းတောင်းတယ်၊လူကြီးဆိုလက်ဝတ်လက်စားတွေချွတ်ခိုင်းတာ၊သေနတ်တွေနဲ့တားတယ်ဆိုတော့ရပ်ပေးကြတာအကုန်ပါတာပဲ” လို့ မိုးကုတ်မြို့ခံတစ်ဦးက ဆိုသည်။
မိုးကုတ်မြို့အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်က တင်းကျပ်စွာ စစ်ဆေးနေခြင်းကြောင့် မိုးကုတ်မြို့သားများအနေနှင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် မည်သည့်ပစ္စည်းမှယူဆောင်၍မရဖြစ်နေကြောင်းလည်း သိရသည်။
ယခုနောက်ပိုင်းတွင် ယင်းဓားပြတိုက်သည့်လမ်းပေါ် လူအသွားအလာနည်းသလို စစ်တပ်ဂိတ်နှင့်လည်း ဝေးကြောင်း ဓားပြတိုက်သူတို့သည် ဓားပြတိုက်ပြီးနောက် တောထဲသို့ ပြန် ဝင်သွားကြကြောင်း မိုးကုတ်မြို့ခံတို့ကဆိုသည်။
မည်သည့်အဖွဲ့အစည်းက ယင်းသို့ ဓားပြတိုက်နေသလဲဆိုသည်ကိုမူ ယနေ့အထိ မသိရသေးပေ။
မိုးကုတ်မြို့အရှေ့ပိုင်းကနေအိမ်အချို့မှာ ပြီးခဲ့သည့်နှစ်က ဓားပြတိုက်ခံခဲ့ရသေးသည်။