မန္တလေးမြို့၊စည်ပင်အမှိုက်ကန်အနောက်ဘက်တွင် အသတ်ခံထားသည့် အမျိုးသားတစ်ဦး၏အလောင်းကို ကားပေါ်၌ တွေ့ရှိခဲ့ကြောင်းသိရသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊၃၈ လမ်း၊ ၈၇လမ်းနှင့်၈၈လမ်းကြား၊ စည်ပင်အမှိုက်ကန်အနောက်ဘက်တွင် ဒီဇင်ဘာ ၈ရက်နေ့ည၇နာရီဝန်းကျင်က အသက် ၃၅နှစ် ဝန်းကျင်အရွယ် အမျိုးသား တစ်ဦး၏အလောင်းကို ကားပေါ်၌ တွေ့ခဲ့ကြောင်း လူမှုကူညီရေး အသင်းတစ်သင်းထံက သိရသည်။
” ခုအသတ်ခံထားရသူက ကျောက်ဝိုင်းကိုတော့အမြဲလာတယ်၊ သူကဗမာစကားတောင်ကောင်းကောင်းမပြောတတ်ဘူး၊အဝေးကလာတာထင်တယ်၊ဘယ်လိုကြောင့်အသတ်ခံရတယ်ဆိုတာတော့မသိဘူး၊ခါတိုင်းတော့ကျောက်ဝိုင်းမှာအမြဲ မြင်တယ်” လို့ မန္တလေးကျောက်ဝိုင်းထဲရှိ ကျောက်သမားတစ်ဦးကဆိုသည်။
၎င်းအမျိုးသားကို ကားအနောက်ဖုံးထဲတွင် လည်ပင်းညှစ်သတ်ခံထားရသည့်ဒဏ်ရာအပြင် မျက်နှာပေါ်တွင်လည်း ဒဏ်ရာများ တွေ့ရကြောင်း လူမှုကူညီရေးအသင်း၏တာဝန်ရှိသူတစ်ဦးကပြောသည်။
အလောင်းတင်ထားသည့်ကားမှာ ယာဥ်အမှတ် MDY 5D/D886 honda fit အမျိုးအစား ခဲရောင်ဖြစ်ပြီး ကားထဲ၌ ကျောက်စိမ်းနှင့် လက်ဝတ်လက်စားများ တွေ့ရခြင်းကြောင့် ပစ္စည်းလုယက်ရန်အလို့ဌာ သတ်ခြင်းမဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
အသတ်ခံရသူသည် ကျောက်ဝိုင်းထဲတွင် အခြားသူများနှင့် အဆင်မပြေဖြစ်သည်ကို မကြားမိ ကြောင်း မန္တလေးကျောက်ဝိုင်းထဲရှိ ကျောက်သမားကဆိုသည်။
အသတ်ခံရသူ မန္တလေးတွင် နေထိုင်သည့်နေရာကို မသိသလို မည်သည့်အရပ်ကလာသလဲဆိုသည်ကိုလည်း မသိ ကြောင်း သေဆုံးသူသည် တရုတ်လူမျိုးဖြစ်သော်လည်း မည်သည့်နိုင်ငံသားဖြစ်သလဲဆိုသည်ကို လည်း မသိရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
အလောင်းကို မန္တလေးပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။