ရန်ကုန်၌ အဌားယာဥ်မောင်းကာ ရှာဖွေစားသောက်နေရသည့်ပြည်သူများမှာ တစ်နေ့တစ်သောင်းကျပ်ကျန်ရန်ပင် မနည်းရှာဖွေမောင်းနှင်နေရပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းများ ပေါ်ပေါက်လာကာ စီးပွားရေးကျဆင်းလာပြီး ဆီစျေးများမြင့်တက်ခြင်းလာနှင့်အတူ ကုန်စျေးနှုန်းများ လိုက်ပါမြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
အဌားယာဥ်မောင်းသမားများမှာ တစ်နေ့လျှင် ကျပ်တစ်သောင်းခွဲနှင့် နှစ်သောင်းကြား ဆီဖြည့်ရသည် ဟု သိရသည်။
” ကျွန်တော့်ကားက 1.8(အင်ဂျင်ပါဝါ)၊ တစ်နေ့လုံးမောင်းမှ တစ်သောင်းကျန်အောင်မနည်းမောင်းနေရတယ် ” ဟု ဒဂုံ(တောင်ပိုင်း)၌နေထိုင်ကာ အဌားယာဥ်မောင်းနေသူတစ်ဦးက MPA သို့ပြောသည်။
CNG ပြောင်းလဲထားသည့် အဌားယာဥ်မောင်းများမှာလည်း တစ်နေ့လျှင် နေ့တစ်ဝက်ကို CNG ဖြည့်တင်းနိုင်ရန်အတွက် အချိန်ပေးရပြီး ကျန်သည့်အချိန်တစ်ဝက်မှာသာ ပြေးဆွဲနိုင်ကြောင်း ဆိုသည်။
” မီးကလည်းပြတ်၊ ကားအစီးရေကလည်းများ၊ သူက YBS တွေပါဖြည့်ရတာကိုး၊ Gas ဖြည့်ဖို့ ညနေခြောက်နာရီမှာစပြီးတန်းစီ ည၁၁ခွဲ လောက်ဆို ကိုယ့်အလှည့်ရောက်မှ မီးကပြတ်သွား ၊ ပြီးရောပဲ ” ဟု CNG TAXI ပြေးဆွဲနေသူတစ်ဦးကပြောသည်။
သို့သော် အဌားယာဥ်လောကတွင် ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး မောင်းနှင်သူများမှာလည်း တစ်နေ့လျှင် ငါးကြောင်းလောက်သာ ပြေးဆွဲရကြောင်း ပြောသည်။
” Grab နဲ့ချိတ်ထားတာပေါ့၊ သူက တစ်နေ့ကို အလွန်ဆုံးရ ၅ကြောင်း၆ကြောင်းပေါ့၊ တစ်ညနေလုံး Grab ဖွင့်ပြီးပတ်မောင်းနေတာ မရတော့လို့ ပိတ်ပြီးပြန်တော့မယ်၊ မှောင်နေရင် အန္တရာယ်ပိုများတယ်လေဗျာ၊ အန္တရာယ်ကတော့ အချိန်တိုင်းများနေတာပါပဲဗျာ ” ဟု Grab TAXI မောင်းနှင်သူတစ်ဦးက MPA သို့ပြောသည်။
လက်ရှိ 92 ဓာတ်ဆီတစ်လီတာလျှင် နှစ်ထောင်ကျော်ဝန်းကျင်ရှိကြောင်းသိရသည်။