မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က အိမ်တစ်အိမ်ကို ဓားပြတိုက်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဓားပြတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့ ၊အမှတ် ၁၅ရပ်ကွက်၊အောင်သပြေလမ်းရှိ နေအိမ်တစ်အိမ်ကို ဒီဇင်ဘာ ၆ရက်နေ့ နံနက် ၂နာရီဝန်းကျင်ခန့်ကလူငယ်အရွယ် လေးဦး ဓားပြဝင်တိုက်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံအချို့၏ပြောပြချက်အရသိရသည်။
“ သိရသလောက်ကတော့ဓားပြတစ်ဦးအသေပစ်ခတ်ဖမ်းဆီးခံရတယ်လို့သိရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။
ဓားပြလေးဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဓားပြသုံးဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရသည်။
နေအိမ်အတွင်းမှ ငွေကျပ် ၇ သိန်း၊ ၁ မတ်သားခန့် ရွှေနားကပ် ၁ ရံ၊ Huawei အပြာရောင် လက်ကိုင်ဖုန်း၁ လုံး၊ I Phone 12 ProMax အဖြူရောင် လက်ကိုင်ဖုန်း ၁ လုံး၊ Tecno အစိမ်းရောင်လက်ကိုင်ဖုန်း ၁ လုံး နှင့် Redmi အနီရောင်လက်ကိုင်ဖုန်း ၁ လုံးပါသွားကြောင်းသိရသည်။
ပခုက္ကူမြို့၊ ၁၃ရပ်ကွက်၊ငြိမ်းချမ်းရေးလမ်းက နေအိမ်တစ်အိမ်ကိုလည်း ဇန်နဝါရီ ၅ရက်နေ့ ညသန်းခေါင် ၁၂နာရီအချိန်က သေနတ်ကိုင်ဆောင်ထားသူ လူငါးဦး ဝင်ရောက်ဓားပြတိုက်ခဲ့ရာ ငွေသားဆယ်သိန်းကျော်၊ ဆိုင်ကယ်ဘတ္ထရီဘီးတစ်စီးနှင့် ပြိုင်ဘီးတစ်စီးပါသွားကြောင်းသိရသည်။
ပခုက္ကူမြို့ပေါ်တွင် ဇန်နဝါရီလ အတွင်း ဓားပြတိုက်ခံရမှု လေးကြိမ်ထက်မနည်းရှိခဲ့ကြောင်း သိရသည်။