စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့ အရှေ့ကပ်လျက်ရှိသည့် ထန်းပင်ကုန်း နှင့် ကြာတကန် ရွာနှစ်ရွာ ကိုစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီးပြည်သူ ၂၅၀၀ခန့် စစ်ဘေးရှောင်နေရကြောင်းသိရသည်။
ဇန်နဝါရီ ၇ ရက် နံနက်နေ ၇နာရီမိနစ်၄၀ခန့်တွင် အင်အား ၁၅၀ခန့်ရှိ ဖောင်းပြင်အခြေစိုက် ခမရ-၃၆၈ နှင့် နောက်လိုက် ပျူစောထီးများသည် ကျွန်းလှမြို့နယ် အရှေ့ကပ်လျက်ရှိ ထန်းပင်ကုန်းရွာကို ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
“ မနေ့ကတည်းက ရှို့နေတာ, ဒီနေ့ မနက်လည်းထပ်ရှို့တယ်။မြေပြင်က ချိတ်လို့မရသေးဘူး၊စစ်ကြောင်းကြောင့် ရှုပ်နေတယ်။စစ်ကြောင်းက တွေ့ကရာ လိုက်ပစ်နေတာ။” ဟုဒေသခံ စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။
အဆိုပါ ကျေးရွာ ၂ ရွာ မှ ပြည်သူ ၂၅၀၀ခန့်သည် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာအတွင်းရှိ ပျက်ဆီးမှု များ နှင့် ထိခိုက်မှုနောက်ဆက်တွဲ အခြေအနေများကိုသိရှိရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကဆိုသည်။
ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ ကလည်း ထန်ပင်ကုန်းရွာ နှင့် ကြာတကန်ရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
ခမရ-၃၆၈ စစ်ကြောင်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ကန့်ဘလူမြို့နယ် ၊ရွှေဘို-မြစ်ကြီးနား ကားလမ်းအနီးရှိ လွှဲဆိပ်၊ လက်ခုပ်ကုန်း ၊ ဂါးဂလော် နှင့် ဘော ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။