ဇန်နဝါရီ၄ရက်နေ့က မြိတ်အကျဉ်းထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားဆရာဝန် တစ်ဦးကို ထောင်ဗူးဝရှေ့၌ပင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်း၊မြိတ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ဒေါက်တာ မင်းထက်ပိုင်ကို ထောင်ဗူးဝရှေ့၌ အခြားအမှုကပ်ကာ ပြန်လည် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန် သည်။
ဒေါက်တာ မင်းထက်ပိုင်သည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်းသိရသည်။
“သန်းရွှေလက်ထက်တုန်းကလည်း အဲဒီလို လွှတ်ပြီး ချက်ချင်းထောင်ဗူးဝမှာပဲ နောက်တစ်မှုကပ်ပြီး ဖမ်းခဲ့တာရှိတယ်။မအလလက်ထက် အရင်တစ်ခါ လွတ်ငြိမ်းပေးတုန်းကလည်း ထောင်ပြင်ရောက်ပြီးမှ ပြန်ဖမ်းတာရှိတယ်။အင်မတန်ရက်စက်ယုတ်မာတဲ့ အာဏာရှင်တွေရဲ့ အောက်တန်းကျချက်ပါ။ အခုလို ချက်ချင်းပြန်ဖမ်းတယ်ဆိုတာ လွတ်ငြိမ်းနဲ့ လွတ်လာတဲ့ဘယ်သူ့ကိုမဆို ပြန်ဖမ်းနိုင်ကြောင်း ခြိမ်းခြောက်လိုက်တာပဲ”ဟု မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
ဒေါက်တာမင်းထက်ပိုင်ကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားပြီး ဆူပူအကြမ်းဖက်မှု များဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်သည်ဆိုသောစွပ်စွဲချက်ဖြင့် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ကြေးနန်းတိုင်တံတား၌ ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ဇန်နဝါရီ၄ရက်နေ့တွင် အကျဉ်းသား၊အကျဉ်းသူ ၇၀၁၂ဦးအား လွတ်ငြိမ်းခွင့် ပြုခဲ့ရာ AAPP၏ ဇန်နဝါရီ၆ရက်နေ့ စာရင်းအရ ယင်းလွတ်ငြိမ်းထဲ၌ နိုင်ငံရေးအကျဉ်းသား၃၀၀ ဝန်းကျင်သာ ပါဝင်ကြောင်းသိရသည်။