ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝေသာလီကွင်းတွင် ဇန်နဝါရီလ ၄ ရက်၊ ယနေ့နံနက်က အာဏာသိမ်းစစ်တပ်ကျင်းပသည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ သွားတက်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်သုံးဦး ပစ်သတ်ခံရသည်ဟု MPA က စုံစမ်းသိရှိရသည်။
အဆိုပါ သုံးဦးမှာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းစစ် ကောင်စီနှင့် ဆက်လက်ဆွေးနွေးနေသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ စစ်တွေတာဝန်ခံ တပ်ရင်းမှူး ကျော်စိုးနဲ့ ဗိုလ်သူရိန်ထက်တို့ ဖြစ်ကြောင်း MPA သို့ အတည်ပြုပြောကြားသည်။
” ALP တပ်ဖွဲ့ဝင်တွေပါ။ သေနတ်က ခြောက်ချက်ပါ။ ဆိုင်ကယ်နဲ့လိုက်လာပြီးအနီးကပ် ပစ်သတ်ခဲ့တာပါ” ဟု စစ်တွေမြို့ပေါ်တွင် တာဝန်ကျနေသည့် ရဲအရာရှိတစ်ဦးက MPA သို့ ပြောသည်။
ထို သုံးဦးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ငါးစရိုင်းချောင်း ကျောင်းရှေ့တွင် ယနေ့နံနက် ၇ နာရီခန့်အချိန်က ပစ္စတိုသေနတ်ဖြင့်အနီးကပ် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။
ထို ALP တပ်ဖွဲ့ဝင်သုံးဦးမှာ စစ်တွေမြို့၊ နာဇီရွာမီးလောင်ကွင်းရှိ ALP၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းတွင် ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ သွားတက်စဥ် လမ်းတွင် ထိုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ထူထောင်ခဲ့သည်။
ALP သည် ၂၀၁၂ ခုနှစ်၊ ဧပြီ ၅ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်လက်မှတ်ရေးထိုးထားသည်။