ရခိုင်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ ဆုံးဖြတ်လုပ်ဆောင်နေမှုများကို ဝေဖန်ပြောဆိုမှုများ ပြုလုပ်နေကြသည်။
အဆိုပါ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ နုတ်ထွက်စာတင်ခဲ့ကြသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၉၀ ခန့်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က စစ်ကောင်စီလက်အောက်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းသဖြင့် ထိုကဲ့သို့ ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။
ထို အုပ်ချုပ်ရေးမှူးများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ အာလဖာ ၁ နယ်မြေ၊ နိုင်ငံရေးမှူး ရဲနိုင်လင်းမှ ဇန်နဝါရီလ ၂ ရက်၊ မနေ့က ပုဏ္ဏားကျွန်းမြို့နယ်ရှိ နယ်မြေရုံးသို့ အစည်းအဝေးခေါ်ယူကာ ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက အတည်ပြုပြောကြသည်။
” သူ (ရဲနိုင်လင်း) က ပြန်လုပ်ကြပါ။ အတူတူ ပူးပေါင်းလုပ်ကြမယ်လို့ ပြောပါတယ်။ ထွက်ခိုင်းတာလည်း သူတို့၊ ပြန်လုပ်ခိုင်းတာလည်း သူတို့ပါပဲ။ ဘာမှ မူမရှိဘဲ ခိုင်းချင်သလို ခိုင်းနေတယ်လို့ မြင်ပါတယ်” ဟု ULA/AA အစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ထားသည့်အတွက် ဒေသခံပြည်သူများမှာ ခရီးသွားလာခြင်း၊ အလုပ်ကိစ္စ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များပြုလုပ်ခြင်း စသည်တို့တွင် အခက်အခဲများ ဖြစ်နေကြရသဖြင့် ပြန်လည်တာဝန်ထမ်းဆောင်ရန်အတွက် ULA/AA က ပြောဆိုသည်ဟုလည်း ဆိုကြသည်။
ထို ULA/AA အစည်းအဝေးသို့ နုတ်ထွက်စာ တင်ထားကြသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ခန့်နှင့် ရသေ့တောင်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦးကျော် တက်ရောက်ခဲ့ကြသော်လည်း ထိုအစည်းအဝေးသို့ မတက်ရောက်ခဲ့ကြသူများအပြင် တက်ရောက်ခဲ့သူအချို့လည်း ULA/AA ၏ တိုက်တွန်းပြောဆိုမှုကို ဂုဏ်သိက္ခာအရ မလိုက်နာနိုင်ကြကြောင်း ဆိုကြသည်။
” သူတို့မှာ မူဝါဒ အစစ်အမှန်မရှိလို့ အခုတမျိုး၊ တော်ကြာတမျိုး လုပ်နေပြောနေတာပါ။ အစကတည်းက နုတ်ထွက်မခိုင်းရင် ပြန်လုပ်ခိုင်းစရာလည်း မလိုပါဘူး။ ကျနော်ကတော့ ဖမ်းရင်ဖမ်း၊ သတ်ရင်သတ် ပြန်မလုပ်တော့ပါဘူး။ ကိုယ့်သိက္ခာနဲ့ ကိုယ်နေပါမယ်” ဟု နုတ်ထွက်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်တွင် နုတ်ထွက်စာတင်ခဲ့ကြသည်။
ထို့အပြင် ရသေ့တောင်မြို့နယ်မှ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၉ ဦးလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ကြသည်။
ထို ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ULA/AA မှ စစ်ကောင်စီလက်အောက်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းမှုအပေါ် ရခိုင်ပြည်သူများနှင့် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများကလည်း ဝေဖန်ပြောဆိုမှုများ ရှိနေကြသည်။
ရခိုင်တွင် ပြီးခဲ့သည့် တကျော့ပြန် စစ်ရေးကာလအတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကို ULA/AA နှင့် ဆက်စပ်မှု၊ အားပေးကူညီမှုများဖြင့် စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုထားသည်များလည်း ရှိနေသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်ရခိုင်တိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက် အပစ်ရပ်လိုက်ကြပြီးနောက် တစ်လကျော်အကြာ ULA/AA မှ ယခုကဲ့သို့ တိုက်တွန်းပြောဆိုလာခြင်းဖြစ်သည်။