မန္တလေးမြို့၊ မြို့နယ် ၆ ခုမှ နေအိမ်တွေကို စစ်ကောင်စီတပ်က ကျူးကျော်တဲတွေဟုဆိုကာ ဖျက်ပြီးနောက် မြို့ပေါ်တွင် အိမ်ငှားခ စျေးနှုန်းများ ထက်ဝက်နီးပါး မြင့်တက်နေသည်ဟု အိမ်ခြံမြေပွဲစားများဆီက စုံစမ်းသိရှိရသည်။
စစ်တပ်က ကျူးကျော်နေအိမ်တွေဟုဆိုကာ နေအိမ်ပေါင်းထောင်နှင့်ချီပြီး ဖြိုဖျက်ခဲ့သောကြောင့် ငွေကြေးအဆင်မပြေသူများသည် အိမ်ငှားရှာနေရသည်ဟု မြို့ခံတွေက ပြောသည်။
စစ်ကောင်စီသည် ကျူးကျော်တဲတွေဟုဆိုကာ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ နေအိမ်တွေကို ဖျက်ခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေများကြောင့် အိမ်ငှားနေထိုင်သူတွေ များလာပြီး လက်ရှိတွင် အိမ်ရှင်တွေက စျေးကို ထက်ဝက်နီးပါး တင်သည့်အပြင် လချုပ်၊ နှစ်ချုပ်တွေနှင့်သာ ငှားကြသည်ဟု ပွဲစားအမျိုးသမီးတစ်ဦးက MPA သို့ ရှင်းပြသည်။
“ အိမ်တွေက စျေးတွေတက်ကုန်ပြီ။ အိမ်ရှာရတာတွေလည်းခက်နေတယ်။ အိမ်ရှင်တွေကလည်း လချုပ်မဟုတ်ရင် မငှားချင်ကြဘူး။ စျေးက ထက်ဝက်ကျော်ကို တက်တယ်” ဟု ၎င်းက ပြောသည်။
ယခင်က တစ်လလျှင် တစ်သိန်းခွဲတန်များမှာ လက်ရှိတွင် သုံးသိန်းဝန်းကျင် ရှိလာပြီဟု စုံစမ်းသိရှိရပြီး တိုက်ခန်း၊ အိမ်ခန်းနှင့် လုံးချင်းအိမ်တွေ စျေးတက်လျက်ရှိသည်ဟု ဆိုသည်။
“ အခုက အိမ်ဖြိုခံရတဲ့သူတွေ အိမ်ငှားရှာကြတော့ သူတို့လုပ်စားဖို့ အချိန်ကောင်းဖြစ်နေကြတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
မြရည်နန္ဒာတန်ဖိုးနည်းအိမ်ယာတွင်လည်း ငှားရမ်းခစျေးနှုန်းများ တက်နေသည့်အပြင် ရောင်းသည့်စျေးနှုန်းများပါ တက်နေခြင်းဖြစ်သည်ဟု မြို့ခံများထံမှ သိရှိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့တွင် စစ်တပ်က နေအိမ်တွေကို ကျူးကျော်နေထိုင်သည်ဟု ဆိုကာ ဖျက်ဆီးခဲ့ခြင်းကြောင့် လူပေါင်း သောင်းနှင့်ချီ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။