စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားပြီးနောက် ခင်ဦးမြို့နယ်၊အလယ်ရှိုရွာထဲတွင် သေဆုံးနေ သူ ၈ဦးနှင့်မီးရှို့ခံထားရသည့်ရုပ်အလောင်းများ တွေ့ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အလယ်ရှိုရွာမှ ဇန်နဝါရီ၂ရက်နေ့ ညနေပိုင်းက ပြန်လည်ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးနေသူများမှာ စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့သည့် အလယ်ရှိုရွာသား များဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“ရွာထဲ ပိတ်မိနေတဲ့ ပြည်သူတွေ အသတ်ခံထားရတယ်ဆိုတာ ၁ရက်နေ့ကတည်းက ကြားရတယ်။ အတည်မပြုနိုင်သေးတာပဲရှိတာ။အခုတော့ အတည်ပြုနိုင်ပြီ။အကြောင်းမဲ့ ရွာထဲဝင်လာတယ်။ရွာ က အိမ်တွေဖောက်တယ်။ပစ္စည်းတွေခိုးတယ်။အိမ်တွေထဲက စားစရာတွေ ချက်ပြုတ်စားသောက်တယ်။
ရွာကိုမီးရှို့တယ်။ရွာသားတွေကို သတ်တယ်။မီးရှို့အသတ်ခံထားရတာ ဘယ်နှစ်ယောက်ရှိသလဲဆို တာနဲ့ ဘာ့ကြောင့် မီး ရှို့သတ်သလဲဆိုတာတော့ မသိရသေးဘူး”ဟု ခင်ဦးမြို့၊မြကန်သာရပ်ကွက်တွင် နေထိုင်ခဲ့သူတစ်ဦး ကပြောသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား၁၀၀ကျော်တို့သည်ယမန်နေ့ညနေပိုင်းက ရွှေဘို-မြစ်ကြီးနား ဗျူဟာ အမှတ်၂လမ်းပိုင်းအတိုင်း ရွှေဘို လေ့ကျင့်ရေး(၈)သို့ ပြန်လည် ထွက်ခွာသွားခဲ့ပြီး လမ်းတစ်လျှောက် တွေ့သော ပြည်သူများ၏ ဖုန်းအလုံးရေ၂၀၀ကျော်ကို လုယက်သွားသလို စစ်ရေးအခြေအနေအရ ရွှေဘို-မြစ်ကြီးနား လမ်းပေါ် ရပ်ထားသည့် ကားများပေါ်မှ ပြည်သူအများအပြားကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးကဆိုသည်။
စစ်ကောင်စီတပ်သည် အလယ်ရှိုကျေးရွာ စာသင်ကျောင်း အတွင်း ကတုတ်ကျင်းနှင့် ဘန်ကာတို့ အသေအချာ တည်ဆောက်ပြီးမှ ပြန်လည်ဆုတ်ခွာသွားခြင်း ဖြစ်သည်။
ဒီဇင်ဘာ-၂၈ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်သည် အလယ်ရှိုရွာသို့ အကြမ်းဖက်ဝင် ရောက်ခဲ့ရာ ရွာသား၄၀၀ကျော်ထွက်ပြေးခဲ့ကြပြီး တချို့ ဖမ်းဆီးခံခဲ့ရသည်။
ဇန်နဝါရီ၁ရက်နေ့ ညနေ၊ညပိုင်းနှင့် ဇန်နဝါရီ၂ရက်နေ့ မနက်ပိုင်းတို့တွင် အလယ်ရှို့ရွာကို စစ်တပ်က မီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်မည်မျှ မီးလောင် သွားသလဲဆိုသည်ကို မသိသေးကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကဆိုသည်။
“ဒီနေ့မနက်အထိကတော့ မီးရှို့ခံထားရသူတွေက ဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်သေးဘူး” ဟု ခင်ဦးမြို့သားကပြောသည်။
အလယ်ရှိုရွာသည် အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာ အမှတ်၂လမ်းဘေး၌ ရှိသည်။