ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ဆိုင်ကယ်နှင့် သွားလာနေသည့် ရိုဟင်ဂျာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုနေသည့် စစ်ကားဖြင့် ဝင်တိုက်လိုက်သောကြောင့် သေဆုံးသွားသည်ဟု အတည်ပြုပြောကြသည်။
အဆိုပါ ရိုဟင်ဂျာအမျိုးသားမှာ စစ်တွေမြို့၊ ဘုမေရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး သူ့ကို ဇန်နဝါရီလ ၂ ရက်၊ ယနေ့နေ့လယ်က စစ်တွေမြို့၊ လမ်းမတော်ရပ်ကွက် Wave KTV ရှေ့နား၊ လမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ရေတပ်စစ်ကားကြီးဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
” ရေတပ်ကားက မျက်နှာချင်းဆိုင်ဝင်တိုက်တာ တခါတည်း သေသွားပါတယ်။ ရခိုင်လူမှုကူညီရေး အဖွဲ့က လာပြီး စစ်တွေဆေးရုံကြီးကို အလောင်း သယ်ယူသွားကြပါတယ်” ဟု ကိုယ်တိုင် မြင်တွေ့လိုက်ရသည့် စစ်တွေမြို့ခံတစ်ဦးက MPA သို့ ပြောသည်။
ထို ရိုဟင်ဂျာအမျိုးသားကြီး၏ အမည်နှင့် အသက်များကို ဘုမေရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အတည်ပြုမေးမြန်းနေပြီး သူ့မိသားစုဝင်များကိုလည်း စုံစမ်းဆက်သွယ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ဆိုကြသည်။
ရခိုင်တွင် စစ်ကောင်စီက ရိုဟင်ဂျာများ ခရီးသွားလာခွင့် ကန့်သတ်ထားသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ အတင်းအဓမ္မ ဆဲဆိုခံရမှုများနှင့် သတ်ဖြတ်ခံရမှုများရှိနေသည်ဟု ရိုဟင်ဂျာများက ဆိုကြသည်။
” ဘယ်လိုပဲဖြစ်ဖြစ် သေသွားပြီးဆိုတော့ မိသားစုကတော့ တရားမျှတမှုတွေ၊ ထိုက်တန်တဲ့ လျော်ကြေးငွေတွေ ရသင့်ပါတယ်။ စစ်တပ်ကဆိုတော့ တရားစွဲလို့လည်းမရပါဘူး” ဟု စစ်တွေမြို့၊ ဘုမေရပ်ကွက်နေ ရိုဟင်ဂျာလူငယ်တစ်ဦးက MPA သို့ ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီနောက် ရခိုင်ရှိရိုဟင်ဂျာများကို စစ်ကောင်စီက ပိုမိုတင်းကျပ်လာသဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများပြားနေကြောင်းလည်း ရိုဟင်ဂျာများက ဆိုကြသည်။