မန္တလေးမြို့တွင် မြို့ပြတော်လှန်ရေးအဖွဲ့ဝင် UG ၁၆ ဦးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် လက်နက်၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီတပ်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ထုတ်ပြန်ထားသည့် စာရင်းတွင် ချမ်းအေးသာစံမြို့နယ်မှ ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒြာစက္ကအပါအဝင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၆ နှစ် အရွယ် လူငယ်များ ပါဝင်လျက်ရှိသည်။
ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် Mandalay Young Force (MYF) က လူငယ်နှစ်ဦးကို ဖမ်းဆီးရမိပြီးနောက် အခြားသူတွေကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယင်းသို့ စစ်ကောင်စီတပ်က ဖမ်းမိထားသည်ဟု ထုတ်ပြန်ထားသည့် UG ၁၆ ဦးမှာ မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တွေဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပြည်သူတွေပါဝင်မှု အားနည်လာတာပေါ့ဗျာ။ UG ဆိုတာ ပြည်သူနဲ့ရောယှက်နေကြရတာ။ ပြည်သူတွေက သီးသန့်ခွဲထွက်နေတော့ UG တွေအတွက် နေစရာမရှိတော့တာပါ” လို့ Voice of Mandalay က တာဝန်ရှိသူက MPA သို့ ပြောပြသည်။
“ မန္တလေးမြို့ထဲကို UG တွေ လက်နက်အပြည့်အစုံနဲ့ ဝင်လာတယ်ဆိုပြီး စစ်သားတွေက ရပ်ကွက်တွေရော၊ လမ်းတွေမှာရော၊ စစ်နေတာပဲ။ ဖမ်းမိသူတွေလည်း ရှိတယ်။ UG တွေ ဟုတ်မဟုတ်တော့ မသိဘူး” ဟု မန္တလေးမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
မန္တလေးမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်စီး လူငယ်နှစ်ဦးနှင့် လမ်းသွားလူငယ်တစ်ဦးကို အိမ်စီးကားဖြင့် ဒီဇင်ဘာ ၃၁ ရက်နေ့က ဖမ်းဆီးသွားခဲ့သည်ဟုလည်း ရပ်ကွက်နေပြည်သူတစ်ဦးက MPA သို့ ပြောပြသည်။
“ လမ်းမှာ ရပ်နေတဲ့ ကောင်လေးတစ်ယောက်ကိုတော့ အိမ်စီးကားနဲ့ ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့ ၊ မန္တလာသီရိအားကစားကွင်းတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က New Year ကြိုဆိုပွဲ ပြုလုပ်ရန် စစ်ကောင်စီတပ်သားတွေ လုံခြုံရေးတင်းကျပ်နေချိန်တွင် အဝေးထိန်း မိုင်းနှစ်လုံးနှင့် တိုက်ခိုက်ခဲ့သည်ဟု No More Dictatorship People Defense Force Mdy က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။