ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းသို့ ဆေးဝါးသယ်ယူခွင့်များကို တားမြစ် ကန့်သတ်ထားဆဲဖြစ်ကြောင်း အဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူများက ဆိုကြသည်။
နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့တစ်ခုဖြစ်သည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ဒီဇင်ဘာလ ၁၂ ရက်၊ ယနေ့ထုတ်ချက်တွင် ဆေးဝါး၊ ကုန်ပစ္စည်း ပို့ဆောင်ရေးနှင့် လူထုသွားလာရေး ကန့်သတ်ချက်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။
” ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်လည်စတင်လာမှု၊ ပိုမိုများပြားလာမှု၊ ဆေးဝါးလိုမျိုး ကုန်ပစ္စည်းတွေ ပို့ဆောင်ရေးနဲ့ လူထုရဲ့သွားလာမှုအပေါ် ကန့်သတ်မှုတွေကြောင့် လူနာတွေဆီ အရောက်သွားရာမှာ MSF အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်” ဟု ပြောသည်။
တကျော့ပြန် ရခိုင်တိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က နှစ်ဘက်နားလည်မှုဖြင့် ရပ်တန့်လိုက်ပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့ ကန့်သတ်ထားသည့် လမ်းအများအပြားကို ပြန်ဖွင့်ပေးသော်လည်း ဆေးဝါးသယ်ယူခွင့်ကို ယနေ့အထိ ကန့်သတ်ပိတ်ဆို့ထားဆဲ ဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည်သူလူနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့များလည်း ဆေးဝါးသယ်ယူမှု အခက်အခဲကြောင့် စိန်ခေါ်မှုကြီးမားသည့် အခက်အခဲများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်ဟုလည်း ဆိုကြသည်။
” အပစ်အခတ်ရပ်စဲရေး သတင်းထွက်ပေါ်လာပေမယ့် လူတွေ၊ ပစ္စည်းတွေ ရွှေ့ပြောင်းသွားလာရာမှာ ကြုံတွေ့နေရဆဲအခက်အခဲတွေနဲ့ ပဋိပက္ခဖြစ်ပွားခြင်းရဲ့ သက်ရောက်မှုဟာ ပြည်သူလူထုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေတုန်းပါ” ဟု MSF က ဖော်ပြထားသည်။
အဆိုပါ MSF က ရခိုင်တွင် ဇွန်လမှာ ဆွေးနွေးကုသမှုပေါင်း ၁၀,၉၆၂ ကြိမ် ဆောင်ရွက်ခဲ့ပေသော်လည်း အောက်တိုဘာလကုန်တွင် ၃,၈၀၆ ကြိမ်သာ ကုသကူညီနိုင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ထိုကဲ့သို့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံထားရသည်မှာ ရခိုင်ပြည်သူများ၊ ရခိုင်ပြည်တွင်းက ဆေးအရောင်းဆိုင်များနှင့် အရပ်ဘက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနေသည့် အဖွဲ့များသာမကဘဲ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်၊ တိုက်နယ်ဆေးရုံများလည်း ပါဝင်သည့်ဟု ကျန်းမာရေးဌာနအသိုင်းအဝန်းကလည်း အတည်ပြုပြောကြားသည်။
” တရားဝင်ထုတ်ပေးတဲ့ ဆေးတွေကို သယ်ယူမှာကိုတောင် ထောက်ခံစာတွေ၊ အထောက်အထားတွေ အများကြီး အတိအကျ တောင်းပါတယ်။ အခုထိတော့ သယ်ရတာအဆင်မပြေသေးပါဘူး” ဟု ရခိုင်တွင် တာဝန်ကျနေသည့် တိုက်နယ်ဆရာဝန်တစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် ဆေးဝါကုသပေးနေရသည့် လူနာများမှာ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံနှင့် ရောဂါပေါင်းစုံပါဝင်သည့်အပြင် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး အဖွဲ့များ ကုသပေးနေသည့် လူနာအများစုမှာ အသက်ရှု လမ်းကြောင်း ပိုးဝင်ခြင်းကဲ့သို့ အခြားသူကိုကူးစက်နိုင်သည့် ရောဂါများ ခံစားနေရသော ကလေးငယ်များနှင့် ဆီးချိုရောဂါကဲ့သို့ အခြားသူကို မကူးစက်နိုင်သည့် ရောဂါခံစားနေရသူများ ဖြစ်ကြသည်ဟုလည်း ဆိုကြသည်။
ထိုသူများသည် ဆေးကုသမှုကို လက်လှမ်းမမီပါက လူများ၏ ကျန်းမာရေး၊ လူသားဖြစ်တည်မှု ဂုဏ်သိက္ခာနှင့် နေကောင်းကျန်းမာမှုတို့အပေါ် ပြင်းထန်သည့် သက်ရောက်မှုများ ဖြစ်လာနိုင်ပြီး အချို့ကိစ္စရပ်များမှာ အသက်သေဆုံးစေသည့်အထိ ဖြစ်လာနိုင်သည်ဟု ရခိုင်ပြည်သူများ၊ ကျန်းမာရေးအသိုင်းအဝန်းများနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များက ဆိုကြသည်။
ရခိုင်တွင် စစ်ဘေးရှောင်ဒုက္ခသည် သိန်းနှင့်ချီအပါအဝင် ရိုဟင်ဂျာဒုက္ခသည် သိန်းနှင့်ချီကလည်း ဆေးဝါးကုသခွင့်များ တားမြစ်ကန့်သတ်ခံနေရသည့်အတွက် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများမှာ သေဆုံးမှုများအထိ ရှိနေကြသည်ဟု ဆိုကြသည်။