ရခိုင်တွင် နှစ်ဘက်နားလည်းမှုဖြင့် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများကို ယနေ့အထိ ဆက်လက်ပြုလုပ်နေသည်ဟု ဒေသခံရခိုင်ပြည်သူများက ဆိုကြသည်။
စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၉ ရက်၊ မနေ့က စစ်တွေမြို့၊ ရွှေမင်းဂံရှိ စစ်ကောင်စီရေတပ်ဆိပ်ကမ်းမှ ကမ်းထိုးရေယာဥ် ၆ စင်းတွင် လက်နက်ရိက္ခာ စစ်သည်များတင်ဆောင်ပြီး မြို့နယ်နှစ်ခုသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု မြင်တွေ့ကြသူများက ဆိုကြသည်။
ထို ကမ်းထိုး ရေယာဥ် ၆ စင်းထဲက နှစ်စင်းမှာ ကျောက်တော်မြို့နယ်သို့ ရောက်ရှိနေပြီး နောက် လေးစင်းမှာ မင်းပြားမြို့နယ်သို့ ယနေ့တွင် ရောက်ရှိနေသည်ဟု ဒေသခံများက အတည်ပြုပြောကြသည်။
” စစ်တပ်ကတော့ အပစ်ရပ်တဲ့နေ့ကတည်းက အင်အားဖြည့်နေတာပါ။ အခုနောက်ပိုင်းက စစ်ရေးလှုပ်ရှားမှုတွေအထိပါ ပြုလုပ်လာပါတယ်။ အဓိကရေလမ်းကို အသုံးပြုပြီး လှုပ်ရှားဖြည့်တင်းနေတာပါ” ဟု ရခိုင်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက် အပစ်ရပ်လိုက်ကြသည်။
ထို့နောက် စစ်ကောင်စီတပ်က လက်နက်ရိက္ခာစစ်သည်အင် အားဖြည့်တင်းမှုများကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များသို့ ယနေ့အထိ ပြုလုပ်နေခြင်းဖြစ်သည်ဟု စောင့်ကြည့်နေသူများက ဆိုကြသည်။
ထိုကဲ့သို့ ကမ်းထိုးရေယာဥ်များ၊ နေဗီများဖြင့် ပို့ဆောင်အင်အားဖြည့်တင်းနေသည့်အပြင် စစ်ကားကြီးများကို ကုန်းလမ်းမှလည်း ဖြည့်တင်းမှုများပြု လုပ်နေသည်ဟုလည်း ဆိုကြသည်။
” ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှာ အဓိက လက်နက်ရိက္ခာစစ်သားတွေ ထပ်ဖြည့်တယ်။ တပ်စခန်းတွေကို အခိုင်အမာပြန်လုပ်တယ်။ လက်နက်ကြီးတွေကို အသစ်တည်တယ်။ စစ်ပြင်နေတာပေါ့” ဟု ရခိုင်အခြေစိုက် ရခိုင်အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဖြည့်တင်းမှုများအပြင် မောင်တောမြောက်ပိုင်းနှင့် ကျောက်တော်မြို့နယ်တို့တွင် အခိုင်အမာစခန်းအသစ်များ ထပ်တည်ခြင်း၊ ပြုပြင်တည်ဆောက်ခြင်းများနှင့် စစ်သည်အင်အားရာနှင့်ချီပြီး ဖြည့်တင်းခြင်းများကိုလည်း ပြုလုပ်နေသည်ဟု အတည်ပြုပြောကြသည်။
ထို့အပြင် လက်နက်ကြီး၊ လက်နက်ငယ်များ လေ့ကျင့်ပစ်ခတ်ခြင်းများအပြင် အေအေလှုပ်ရှားမှု စစ်ရေးသတင်းများနှင့် အေအေနှင့် ဆက်စပ်သူများကိုလည်း စုံစမ်းမေးမြန်းမှုများကို ဆက်လက်ပြုလုပ်နေသည်ဟုလည်း ဆိုကြသည်။