ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ရုတ်တရက် ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီဘက်က စစ်ရေးလေ့ကျင့်မှုများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေသည်ဟု ဒေသခံများနှင့် ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်နေသူများက ဆိုကြသည်။
အဆိုပါ စစ်ကောင်စီ၏ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီရှိ အမှတ်(၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းဝင်းထဲမှ လက်နက်ကြီး၊ လက်နက်ငယ် အချက်ပေါင်းများစွာ ပစ်ခတ်လေ့ကျင့်မှုများကို ဒီဇင်ဘာလ ၈ ရက်၊ နံနက်က ပြုလုပ်ခဲ့ကြောင်း ဒေသခံများက အတည် ပြုပြောကြသည်။
ထိုပစ်ခတ်လေ့ကျင့်မှုများကို ယမန်နေ့ နံနက်ရှစ်နာရီဝန်းကျင်ခန့်မှ ဆယ်နာရီဝန်းကျင်ခန့်အထိ လက်နက်ကြီးအချက်ပေါင်း ၄၀ ဝန်းကျင်နှင့် လက်နက်ငယ် အချက်ပေါင်းရာချီအသုံးပြုပစ်ခ တ်ခဲ့သည်ဟု ဆိုကြသည်။
” ပထမစကြားတုန်းကတော့ တိုက်ပွဲတွေပြန်ဖြစ်နေပြီးလားလို့ စိုးရိမ်သွားပါတယ်။ တိုက်ပွဲဖြစ်နေတဲ့သလိုမျိုး ဆက်တိုင်းပစ်ခတ်နေတာပါ။ လက်နက်ကြီးတွေလည်း တစ်လုံးပြီးတစ်လုံး အချိန်ကိုက် ပစ်ခတ်တာပါ” ဟု ၎င်းအနီးရှိ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲဝင်ရန် အဆင်သင့် ပစ်ခတ်လေ့ကျင့်မှုကို ထို တိုင်းဗဟို (၉) အနောက်ဘက်ရှိ မေလွန်းကျေးရွာအနီးမှ တောင်တန်းများသို့ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ကျရောက် ပေါက်ကွဲသည်ကိုလည်း မြင်တွေ့ကြရသည်ဟု ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တကျော့ပြန်တိုက်ပွဲကို ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရအ ထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ယာယီအပစ်ရပ်လိုက်ကြသည်။
ထိုအပစ်ရပ်မှုကို ရက္ခိုင့်တပ်တော် (AA) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ဟု တရားဝင်ထုတ်ဖော်ပြောဆိုပြီး ဒေသခံ ရခိုင်တောင်သူလယ်သမားများ၏ မိုးစပါးများကို ကူညီရိတ်သိမ်းပေးနေကြောင်း ရုပ်သံဖိုင်များနှင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး ကမ်းထိုးရေယာဥ်၊ နေဗီကြီးများဖြင့် လက်နက်ရိက္ခာ စစ်သည်များအား ပို့ဆောင်ဖြည့်တင်းနေသည့်အပြင် တပ်စခန်းအသစ်များ တည်ဆောက်ခြင်း၊ စစ်ရေးလေ့ကျင့်မှုများပါ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်သူများနှင့် ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ လှုပ်ရှားမှုများသည် နှစ်ဖွဲ့သဘောတူညီချက်များနှင့် စစ်စည်းကမ်းကျင့်ဝတ်များကို မလိုက်နာသည့်အပြင် တိုက်ပွဲခေါ်နေသော စစ်ဘီလူးအပြုအမူများဖြစ်သည်ဟုလည်း ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
” စစ်တပ်က အင်အားဖြည့်တာ၊ တပ်စခန်းအသစ်ဆောက်တာ၊ လက်နက်ကြီးစခန်းတွေ တည်တာ၊ စစ်ရေးလေ့ကျင့်နေတာတွေဟာ စစ်ဘီလူးအပြုအမူဖြစ်တယ်။ ဒါဟာ နှစ်ဖွဲ့သဘောတူညီချက်တွေ၊ စစ်စည်းကမ်းကျင့်ဝတ်တွေကို မလိုက်နာတာ။ ပြောရမယ့်ဆိုရင် အေအေကို တိုက်ပွဲခေါ်နေတာပေါ့” ဟု ရခိုင်အခြေစိုက် ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက MPA သို့ ပြောသည်။
ထို အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လက ရက္ခိုင့်တပ်တော် (AA) မှ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။
ထိုကဲ့သို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်လေ့ကျင့်မှုများအပြင် ယမန်နေ့ နံနက်က ရသေ့တောင်မြို့နယ်၊ မညှင့်တောင်အနီးရှိ စစ်ကောင်စီစခန်းချတပ်စွဲနေထိုင်သည့် နေရာကလည်း မိုင်းပေါက်ကွဲသံများကြားခဲ့ရသည်ဟု ဒေသခံများက ဆိုကြသည်။
ရက္ခိုင့်တပ်တော် (AA) က ရခိုင်အပစ်ရပ်ကာလ ရေရှည်တည်တန့်ရေးမှာ စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်ပြောဆိုမှုများအပေါ်တွင် မူတည်နေသည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
ရခိုင်တွင် ယာယီအပစ်ရပ်ထားချိန် စစ်ကောင်စီက ကျောက်တော်-ပလက်ဝရေလမ်းကြောင်းရှိ ကုလားတန်းမြစ်ဘေးတွင် ရေကြောင်းစစ်ဘေးစခန်းသစ်တစ်ခုကို အခိုင်အမာတည်ဆောက်ပြီး ကမ်းထိုးရေယာဥ်များဖြင့် စစ်ဆေးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟုလည်း ခိုင်လုံသည့် သတင်းအရင်းမြစ်များက ဆိုကြသည်။
ထို့အပြင် မောင်တောမြောက်ပိုင်းတွင်လည်း စခန်းများအခိုင်အမာ ပြန်လည်တည်ဆောက်ပြီး လက်နက်ကြီးများတည်ကာ အင်အားရာချီဖြင့် တိုက်ပွဲဝင်ရန် အသင့်အနေအထားပြုလုပ်ထားသည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်များက ဆိုကြသည်။
ရခိုင်တွင် နှစ်ဘက်အပစ်ရပ်ပြီးနောက် ယမန်နေ့တွင် လက်နက်ကြီး၊ လက်နက် ငယ်ပစ်ခတ်သံများကို ပထမဆုံးပြန်ကြားရခြင်းဖြစ်ပြီး အေအေဘက်က မည်သို့တုံ့ပြန်မည်ကိုလည်း စောင့်ကြည့်နေကြသည်ဟု ရခိုင်ပြည်သူများက ဆိုကြသည်။
တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အထိုင်စခန်းများအပါအဝင် တပ်စခန်း ၃၀ နီးပါးကို အေအေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူအပါအဝင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။