ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ဒေသခံပြည်သူများအား စစ်ဆေးကန့်သတ်မှုများပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်သူများက ဆိုကြသည်။
အဆိုပါ လမ်းပန်းဆက်သွယ်ရေးများကို အကန့်အသတ်ဖြင့် ပြန်ဖွင့်ပေးသည့်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများအား အတင်းအဓမ္မငွေကြေးတောင်းခြင်း၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံခြင်း၊ ပစ္စည်းများအား သယ်ယူခွင့်မပြုခြင်းစသည်များကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။
ထိုလမ်းကို စစ်ကောင်စီက အတိုက်ခံရသော ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုလမ်းတစ်လျှောက်တွင် စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း၊ တပ်ရင်း၊ ဗျူဟာများ တည်ရှိသည်။
” စစ်တဲ့ဂိတ်တိုင်းမှာ မေးချင်တာမေးသလို ပြချင်တာပြခိုင်းပါတယ်။ တချို့ဆိုရင် မူးမူးနဲ့ ရိသဲ့သဲ့လုပ်တာ၊ ပြောတာတွေလည်း ရှိပါတယ်။ မိန်းကလေးတွေကို နှုတ်နဲ့ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားကြသလိုပါ” ဟု မောင်တောမြို့ခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို အငူမော်-မောင်တောကားလမ်းမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်အပြီး သက်သေအထောက်အထားများကို ဖျောက်ဖျက်ရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားနေသူများက ဆိုကြသည်။
ထိုလမ်းရှိ ရေချမ်းပြင်-အငူမော် ဇက်ကူးဆိပ်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက စစ်ဆေးကန့်သတ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး ထိုသို့ အကြောင်းပြကာ ငွေကြေးတောင်းဆို ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေသည်ဟု ရခိုင်ပြည်သူများက ဆိုကြသည်။
” ဆန်တွေ မသယ်ရဘူးတို့၊ အခြားမြို့က မှတ်ပုံတင်တွေဆိုရင် လူကိုကြည့်ပြီး မသွားရဘူးတို့ ပြောတယ်။ ဖမ်းမလိုလို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းကြပါတယ်။ ပိုက်ဆံရရင်တော့ ဘာမှမပြော ကြတော့ပါဘူး” ဟု ဒေသခံကုန်သည်တစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့သည့်နိုဝင်ဘာ ၂၆ ရက်နေ့က ယာယီအပစ်ရပ်ပြီးနောက် ထိုလမ်းကိုပြန်ဖွင့်ပေးသော်လည်း စစ်ဆေးမှုများတင်းကျပ်ကာ ကန့်သတ်တားမြစ်မှုများကို ဆက်လက်ပြုလုပ်နေသဖြင့် နယ်စပ်ကုန်သွယ်ရေးနှင့်ဒေသခံပြည်သူများ အခက်အခဲများကြုံတွေ့နေရကြောင်းလည်း ဆိုကြသည်။
ထိုလမ်းအပြင် မင်းပြား-ပေါက်တောကားလမ်းတွင်လည်း စစ်ဆေးမေးမြန်းမှုများ၊ ငွေကြေးတောင်းခံမှုများပြုလုပ်နေပြီး ကျောက်တော်-ပလက်ဝရေလမ်းကြောင်းတွင်လည်း စစ်ဆေးရေးတင်းကျပ်ကာ ပစ္စည်းသယ်ယူခွင့်များ ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
ထို့အပြင် ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးတင်းကျပ်ပြီး ငွေကြေးတောင်းခံမှုများလည်းရှိကာ ကုန်ပစ္စည်းအမျိုးအစားနှင့် ကုန်ကား၊ ခရီးသည်တင်ကားများ အပေါ် မူတည်ပြီး အချိန်ကြန့်ကြာအောင်ပြုလုပ်နေသည်ဟုလည်း ကုန်သည်များနှင့် ခရီးသွားပြည်သူများက ဆိုကြသည်။