ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် (၂၉) ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC ) ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးများတိုးမြှင့်ထားသည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားသည်။
လက်ရှိတွင် လုံခြုံရေးအတွက် ရဲအရာရှိ သုံးသောင်းခွဲကျော် တပ်ဖြန့်အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်း လုံခြုံရေး ရယူသွားမည်ဖြစ်သည်။ အိမ်ရှင်အဖြစ် ကျင်းပလက်ခံမည့် ထိုင်းနိုင်ငံသို့ ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များ လာရောက်ရန်လည်းရှိနေသည်။
APEC အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲရှိနေသည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သတိနှင့်နေထိုင်ကြရန် ဘန်ကောက်မြန်မာသံရုံးက မကြာသေးခင်ရက်ပိုင်းက သတိပေးထားသည်။
“ထိုင်းမှာက တစ်ခုခုထူးခြားရင် သူတို့ မသွားလာဖို့ ပြောထားတဲ့ကာလတစ်ခုကို စောင့်လိုက်ရင် အဆင်ပြေပါတယ်။ အဲ့ဒီအချိန်မထွက်တာကောင်းတယ်။ ကျန်တဲ့အချိန်ကတော့ ပုံမှန်သွားလာနေကြတာပါပဲ။ ဒီသတင်းက ရှေ့အပတ်တွေလောက်ကတည်းက ထွက်နေတာ”ဟု မဲဆောက်မြို့ရှိ ရဲအရာရှိများနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
၂၀၂၂ ခုနှစ်အတွက် APEC ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ထိုင်းအာဏာပိုင်းများက လုံခြုံရေးအရာရှိများနှင့် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွက် ယမန်နေ့က ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ရေးသားထားသည်။