“မလုပ်လိုက်ပါနဲ့ မင်းကိုချစ်တဲ့သူတွေရှိသေးတယ်
မလုပ်လိုက်ပါနဲ့ မင်းနဲ့မျှဝေခံစားမဲ့သူရှိတယ်
မလုပ်လိုက်ပါနဲ့ မင်းကို တန်ဖိုးထားချစ်တဲ့သူရှိတယ်
မင်းမလုပ်လိုက်ပါနဲ့ အကောင်းဆုံးနေ့သစ်တွေရှိသေးတယ်
မလုပ်လိုက်ပါနဲ့ မင်းရဲ့ကမ်းလက်မျှော်နေသူတွေရှိတယ်
မလုပ်လိုက်ပါနဲ့ မင်းကြောင့်ပြန်ရုန်းထမဲ့သူရှိသေးတယ်
မလုပ်လိုက်ပါနဲ့ မင်းရဲ့အချစ်ကို ခံစားရမဲ့သူရှိသေးတယ်
မင်းမလုပ်လိုက်ပါနဲ့ ကမ္ဘာကြီးကို အလှဆင်ရဦးမယ်”
ဒီကနေ့ မနက်မှာပဲ အဆိုတော်မျိုးကြီး သီဆိုထားတဲ့ “မလုပ်လိုက်ပါနဲ့” သီချင်းလေးကို အထက်မှာဖော်ပြထားတဲ့အတိုင်း ခံစားခွင့်ရလိုက်ပါတယ်။ အခုလို ပြည်သူအားလုံး ရုန်းကန်နေရတဲ့ အခြေအနေမှာ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် သီချင်းတစ်ပုဒ်လို့လည်း ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ အခြေခံပြည်သူတွေအပါအဝင် နယ်ပယ်အလိုက်က သူတွေဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရမှာအသေအချာပါပဲ။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ လုံခြုံရေး အခြေအနေတွေကြောင့်ပဲ တချို့က စိတ်ပျက်အားငယ်မှုတွေဖြစ်လာပြီး နောက်ဆုံး သူတို့ရရှိထားတဲ့ ဘဝတစ်ခုကို လက်လွှတ်လိုက်ဖို့ စဉ်းစားလာကြပါတယ်။
လူတိုင်းမှာ စိတ်ရဲ့ အတိုင်းအတာက ကန့်သတ်မှုတစ်ခု ရှိတယ်ဆိုပေမဲ့ ဒါကြီးကိုပဲ တစိုက်မတ်မတ်ဆုံးဖြတ်လိုက်ဖို့ မသင့်ပါဘူး။ မကျေလည်မှုတွေ များစွာထဲကပဲ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး အဖြေရှာဖို့လိုအပ်ပါတယ်။
ကမ္ဘာကြီးတစ်ခုလုံးမှာ “သင်” တစ်ယောက်ထဲ နေနေရာတာမဟုတ်ပါဘူး။ လူသားအသိုင်းအဝိုင်းဆိုတာရှိပါတယ်။ ချစ်ခင်ရတဲ့ မိသားစု၊ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ၊ အကောင်းဆုံး ကူညီမယ့်သူတွေ၊ အကြံကောင်းတွေပေးမယ့်သူတွေ၊ နှစ်သိမ့်ပေးမယ့်သူတွေ ထုနဲ့ဒေး ရှိနေတယ်ဆိုတာ အမှတ်ရဖို့ပါ။
စိတ်ထဲမှာ အဆိုးတွေကို တစ်စိုက်မတ်မတ် တွေးနေမိရင်၊ ဒါမှမဟုတ် အဆိုးတွေက ကိုယ်ဆီလာပြီး ပတ်သက်နေရင် ကျွန်တော်တို့ဆီမှာရှိတဲ့ စွမ်းအင်တွေက လျော့နည်းလာတတ်ပါတယ်။ ကိုယ်တိုင်ကြောင့်ပဲဖြစ်ဖြစ်၊ သူများကြောင့်ပဲဖြစ်ဖြစ်ပေါ့။
ဒါတွေကို ကြုံလာတဲ့အခါမှာ ဖြေရှင်းစရာနည်းလမ်းတစ်ခုက အတတ်နိုင်ဆုံး အာရုံလွှဲပြောင်းလိုက်ဖို့ပါပဲ။ ကိုယ်ယုံကြည်ရာ ဘာသာရေးတစ်ခုခုကို လုပ်လိုက်တာပဲဖြစ်ဖြစ်၊ သီချင်းလေးတစ်ပုဒ်ကို နားထောင်လိုက်ရတာပဲဖြစ်ဖြစ်။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတချို့ကို တိုင်ပင် ဖွင့်ပြောလိုက်တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။
ကိုယ်ဟာ ဘာမှမဟုတ်တော့ဘူးလို့ ခံစားလာရတဲ့အခါ ကိုယ့်ဘေးမှာရှိနေတဲ့ မိသားစုတွေ၊ သူငယ်ချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေကို အမှတ်ရလိုက်ပါ။ ဖြစ်နေတဲ့ ပြဿနာတစ်ခုကို တစ်ဦးထဲဖြေရှင်းနေရတာထက် အခြားသူတစ်ဦးဦးနဲ့ တိုင်ပင်ကြည့်လိုက်တဲ့အခါ ကိုယ်မမြင်တဲ့ အကြောင်းအရာတွေ၊ အကြံတွေကို ရနိုင်ပါတယ်။
တစ်ဦးတစ်ယောက်ရဲ့ ခံစားချက်တွေကို ကျွန်တော်တို့နားထောင်ပေးတဲ့အခါမှာ မလွှမ်းမိုးဘဲ “လေးလေးစားစား” “နားထောင်ပေးဖို့” လိုအပ်လှပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ခံစားချက်တွေကို ကျွန်တော်တို့စိတ်နဲ့ “ဆုံးဖြတ်၊ အကဲဖြတ်ပြီး တိုက်တွန်း၊ ပြောဆို”လိုက်တာမျိုးမဟုတ်ပါဘူး။ နားထောင်နေပေးဖို့ပါ။
စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံလာတဲ့အခါမှာ အထက်မှာပြောသလို နည်းလမ်းလေးတွေနဲ့ ဖြေဖျောက်လို့ရသလို စိတ်ပိုင်းဆိုင်ရာအတွက် ကူညီပေးနိုင်မယ့် တကယ့် ပညာရှင်တွေနဲ့လည်း တိုင်ပင်သင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအတွက် လူမှုရေးအကူအညီတွေကို ရယူဖို့ ကြောက်ရွံ့နေတာ၊ ရှက်ရွံ့နေတာမျိုးတွေ မဖြစ်သင့်ပါဘူး။
အခုဆိုရင် တယ်လီကျန်းမာလို လူထုအကျိုးပြု ကဏ္ဍတွေ ရှိနေပါတယ်။ အွန်လိုင်းကနေ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲနဲ့ ကျန်းမာရေးပြဿနာတွေကို ကျွမ်းကျင်ဆရာဝန်တွေနဲ့ မေးမြန်းဆက်သွယ်ပြီး အကြံကောင်းတွေ ယူနိုင်တယ်လို့ ပြောချင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအားလုံးအတွက် ကြည်လင်ပြတ်သားတဲ့ နေ့သစ်တစ်ခုဟာ စောင့်ကြိုနေမှာပါ။ သေချာတာတစ်ခုက ကိုယ်တစ်ယောက်ထဲ ဒီလောကထဲမှာ ရှိနေတာမဟုတ်ပါဘူး။ ကိုယ်တစ်ဦးထဲ ထင်မြင်ယူဆနေသလိုတွေလည်း မဟုတ်ပါဘူး။ အဆိုတော်မျိုးကြီးရဲ့ “မလုပ်လိုက်ပါနဲ့” သီချင်းထဲကလို မိတ်ဆွေတို့ရဲ့ ကမ်းလက်ကို မျှော်နေသူတွေ၊ မိတ်ဆွေတို့ကြောင့် ပြန်ရုန်းထရမဲ့သူတွေ ရှိနေသေးတယ်ဆိုတာ မမေ့ဖို့ဘဲ ဖြစ်ပါတယ်။
မြတ်နိုးသူရ
Photo – Sweetyhigh