ပွင့်လင်းရာသီတွင် စည်ကားလေ့ရှိသော မန္တလေးညများမှာ ယခုအခါ စစ်အုပ်စု၏ အကြောင်းမဲ့ ရမ်းကားပစ်ခတ်ဖမ်းဆီးမှုနှင့် လုယက်မှု အမျိုးမျိုးကြောင့် ညပိုင်း အပြင်ထွက်သူ မရှိသလောက်နည်းပါးသွားကြောင်း မြို့ခံများက ဆိုကြသည်။
လတ်တလော ညအချိန်များတွင် မြို့တွင်းလမ်းမများပေါ်၌ စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နှင့် ရဲတို့က လမ်းသွားလမ်းလမ်းလာများအား မကြာခဏဆိုသလို ရိုက်နှက်လေ့ရှိကြောင်း ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
“ ညပိုင်းအပြင်ကို သိပ်မထွက်ဖြစ်ဘူး။ ဒီကောင်တွေ အာဏသိမ်းပြီးနောက်ပိုင်း မန္တလေးက အရင်လိုမဟုတ်တော့ဘူး။ အပြင်သွားလိုသိပ်မကောင်းတော့ဘူး။ ကျွန်တော် သိပ္ပံလမ်းပေါ်မှာ ညဘက်တစ်ခါ စစ်ခံရတယ်။ စစ်တဲ့ကောင်တွေကလည်း သောက်စားပြီး မူးရူးနေတာဗျာ့။ မထင်ရင်မထင်သလို ဆဲဆိုရိုက်နှက်သေးတယ် “ဟု ၎င်းက ပြောသည်။
သီတင်းကျွတ်ပြီးနောက် မန္တလေးမြို့ညများသည် ယဉ်ကျေးမှုပွဲတော်အမျိုးမျိုးဖြင့် ခေတ်အဆက်ဆက်စည်ကားခဲ့သော်လည်း ယခု အဏာသိမ်းပြီးနောက် တစပြင်ပမာ တိတ်ဆိတ်နေသည်ဟု မန္တလေးမြို့ဖွား အသက် ၇၀ ရှိပြီဖြစ်သော ပြည်သူတစ်ဦးကပြောသည်။
“မန္တလေးဆိုတာ သူ့ကျွန်ဘဝလို့ပြောတဲ့ အင်္ဂလိပ်ခေတ်ကတည်းက ပွင့်လင်းရာသီည တိုင်းနီးပါးဟာ ပွဲတော်တစ်မျိုးမျိုးနဲ့စည်ကားနေတာပါ။ အခု အမျိုးဘာသာသာသနာကိုစောင့်ရှောက်တယ်လို့ ပြောလေ့ရှိတဲ့ ပြည်သူသတ်တဲ့ စခတွေလက်ထက်ကျမှပဲ တစပြင်ဖြစ်နေတော့တာ”လို့၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက် နေ့က ည (၁၀) နာရီဝန်းကျင်တွင် (၃၅)လမ်း၊ (၇၃)နှင့် (၇၄)လမ်းကြားတွင် ၃၅ လမ်းအတိုင်း မောင်းနှင်လာသော ကားတစ်စီးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သေနတ်နဲ့ ဝိုင်းပစ်ခတ်ခဲ့သောကြောင့် ယာဉ်မောင်း သေဆုံးခဲ့သေးကြောင်း မြို့ခံ တစ်ဦးက ပြောသည်။
“အဲဒီဖြစ်စဉ်ဆို ဘယ်လောက်ဆိုးသလဲဆိုရင် စစ်အုပ်စုက ကားကိုရပ်မပေးလို့ ပစ်တယ်လိုလည်းကြားတယ်။ ကားသမားကလည်း သေတယ်။ ကားပေါ်ပါလာတဲ့ အဖိုးတန်ပစ္စည်းတွေလည်း ပျောက်သွားတယ်။ စစ်အုပ်စုဘက်ကဘယ်သူမှလည်း တာဝန်မခံဘူး။ ကျွန်တော်တို့ဆို သေနတ်သံတွေ ဆက်တိုက်ကိုကြားလိုက်ရတယ်။ ဘာများဖြစ်သလဲဆိုပြီး လန့်သွားတယ်” ဟု အဆိုပါဖြစ်စဉ်အနီး နေထိုင်သူ တစ်ဦးကပြောသည်။
အကြမ်းဖက်စစ်သားများက ညပိုင်းလမ်းသွားလမ်းလာများကို ဖမ်းဆီးငွေညှစ်ခြင်းမျိုး လုပ်နေသလို ၎င်းတို့နဲ့ တွေ့ချိန် ရပ်မပေးသည့် ဆိုင်ကယ်နှင့် ကားတို့ကို သေနတ်ဖြင့်ပစ်ခတ်လေ့ရှိကြောင်း မြို့ခံများက ပြောသည်။
ထိုအပြင် အကြမ်းဖက်စစ်ကောင်စီနည်းတူ လူသွားလူလာနည်းသည့် လမ်းမများ၏ လမ်းမီးမလင်းသည့်နေရာများတွင် ဆိုင်ကယ် လုယက်ခြင်းနှင့်ပိုက်ဆံ၊ ဆွဲကြိုးလုယက်ခြင်းများလည်း ရှိကြောင်း သိရသည်။
“ အရင်က ကျူံးဘေးဆို လင်းထိန်ပြီး စည်ကားနေတာ။ အခုလူသိပ်မရှိဘူး။ စစ်အုပ်စုက ကျူံးဘေးတော့ မီးထွန်းပေးတယ်။ ကျန်တဲ့ နေရာတွေဆို မှောင်မဲနေတာပဲ။ အရင်ဒေါက်တာရဲလွင် လက်ထက်ကဆို တစ်မြို့လုံးလင်းထိန်နေတာ အခုတော့ ဘာမှကိုမဆိုင်တော့ဘူး” ဟု မြို့တွင်းနေထိုင်သူ တစ်ဦးက ပြောသည်။
မြို့အစွန်းနေရာများဖြစ်သော ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်များတွင် ညအချိန် ၇ နာရီ နောက်ပိုင်း အပြင်ထွက်သူမရှိသလောက်နည်းပါးသွားပြီး မဖြစ်မနေ အခြေအနေများကြောင့်သာ ထွက်လေ့ရှိကြောင်း အမရပူရမြို့သားတစ်ဦးက ပြောသည်။
“ဆိုင်တွေကလည်း ညဆိုအစောကြီး ပိတ်ကြတယ်။ လမ်းတွေဆိုရှင်းပြောင်နေတာပေါ့။ အရင်ကနဲ့တော့ တော်တော်ကိုကွာသွားတယ်။ တရားဥပဒေစိုးမိုးမှုမရှိတာကို ပြနေတာပေါ့ဗျ။ ထောင်ထဲက ခိုးဆိုးလုယက်တွေထုတ်ပေးလိုက်တဲ့ ရလဒ်တွေပေါ့ “ ဟု အမရပူရမြို့နယ် အတွင်းက တရားရေးနှင့် နီးစပ်သူတဦးက ပြောသည်။